
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမား ၂ ယောက် ရှေ့ဆင့် နောက်ဆင့် ရုတ်တရက် အသက်ဆုံးရှုံးခဲ့တယ်လို့ မြန်မာအသိုက်အဝန်းဆီက သိရပါတယ်။
မြန်မာအလုပ်သမား အသက် ၃၁ နှစ်အရွယ် ကိုဇင်ကိုကိုအောင်မှာ သြဂုတ် ၃၁ ရက်က လုပ်ငန်းခွင်ထဲ အလုပ်လုပ်နေရင်း မူးလဲသွားတဲ့အတွက် ဆေးရုံပို့ခဲ့ပေမဲ့ အဲဒီညမှာပဲ အသက်ဆုံးရှုံးခဲ့ရတာလို့ ဆိုပါတယ်။
ကိုဇင်ကိုကိုအောင်မှာ ပဲခူးတိုင်း၊ ကဝမြို့နယ်ကနေ ကိုရီးယားမှာ သွားရောက်လုပ်ကိုင်သူဖြစ်ပြီး အလုပ်ပင်ပန်းတာကြောင့်ဖြစ်မယ်လို့ ရင်းနှီးသူတွေက ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဟွာဆောင်မြို့မှာလည်း သြဂုတ် ၂၆ ရက်က အသက် ၄၁ နှစ်အရွယ် ကိုဖြိုးပိုင်ဟာ နေအိမ်မှာ အိပ်နေရင်း အသက်ဆုံးရှုံးခဲ့ရတာရှိပါတယ်။
ကိုဖြိုးပိုင်သေဆုံးပြီး ၆ ရက်မြောက်နေ့ ရက်လည်လုပ်တဲ့နေ့မှာ နောက်ထပ်မြန်မာလုပ်သား ကိုဇင်ကိုကိုအောင် ရုတ်တရက်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားရောက် မြန်မာလုပ်သားတယောက်က “အလုပ်ကပင်ပန်း၊ စိတ်ပင်ပန်းနဲ့ဆိုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တာ။ အခုနောက်ပိုင်းကြားရတဲ့ သတင်းတွေ စိတ်မကောင်းစရာတွေပဲ ဖြစ်နေတယ်” လို့ ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ အခုနှစ်အတွင်း မြန်မာအလုပ်သမားတွေ ရောဂါကြောင့် ရုတ်တရက်သေဆုံးတာ၊ လုပ်ငန်းခွင်ထဲ ထိခိုက်မှုဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရတဲ့ဖြစ်ရပ်တွေ မကြာခဏ ရှိနေတာကြောင့် ဂရုတစိုက်နေထိုင်လုပ်ကိုင်ဖို့ အပြန်အလှန်သတိပေး လူံ့ဆော်နေကြပါတယ်။











