DVB Logo
Home
မြန်မာသတင်း
အမြန်ဆုံး အဖြေရှာရန်လိုအပ်လာသည့် KIA နှင့် TNLA ပဋိပက္ခ
DVB
·
March 4, 2025
အမြန်ဆုံး အဖြေရှာရန်လိုအပ်လာသည့် KIA နှင့် TNLA ပဋိပက္ခ
Donate to DVB

အောက်ခြေ မြေပြင်တပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခတွေ ပိုဆိုးမလာစေဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား ညှိနှိုင်းဖို့ ကြိုးစားနေတယ်လို့ နှစ်ဖက်တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံ၊ မိုးမိတ်နဲ့ နမ္မတူ မြို့နယ်တွေမှာ KIA နဲ့ TNLA အောက်ခြေ တပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခဖြစ်ပြီး နှစ်ဖက်ထိုးကြိတ်တာနဲ့ ရိုက်နှက်တာတွေအထိ ဖြစ်လာနေပါတယ်။

နောက်ဆုံးဖြစ်ပွားခဲ့တဲ့ မန်တုံနဲ့ မိုးမိတ် ကြားမှာရှိတဲ့ KIA စခန်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာဆိုရင် KIA တပ်ဖွဲ့ဝင် ၁၁ ယောက်အထိ ထိခိုက်ဒဏ်ရာရတာတွေရှိပြီး ဆေးရုံတက်ကုသနေရတယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေအကြား အခုလိုမျိုး ပွတ်တိုက်မှုတွေ ဆက်မဖြစ်ဖို့ နှစ်ဖက် ခေါင်းဆောင်တွေ အနေနဲ့ ထိန်းသိမ်းဆောင်ရွက်ဖို့နဲ့ တကယ်လို့ မထိန်းသိမ်းဘူးဆိုရင် ဒိထက်ပိုဆိုးနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက သတိပေးပြောပါတယ်။

အငြင်းပွားမှုတွေဖြစ်နေတဲ့ အဲဒီ ၃ မြို့နယ်စလုံးဟာ TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေ ဖြစ်ပါတယ်။

အဲဒီမြို့နယ်တွေမှာ KIA တပ်စခန်းတွေလည်း ရှိနေတာပါ။ လက်ရှိမှာတော့ TNLA က သူတို့ ထိန်းချုပ်ထားရာ နယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရေး ဆောင်ရွက်နေတာ ဖြစ်ပြီး ဒီအခြေအနေတွေအပေါ်မှာပဲ နှစ်ဖက်တပ်တွေ ပွတ်တိုက်မှု စလာတာလို့ နားလည်ရပါတယ်။

TNLA ပြောခွင့်ရ လွေးယေဦးကတော့ နှစ်ဖက် ပွတ်တိုက်မှုတွေ ပိုဆိုးမလာစေဖို့အတွက် ထိန်းသိမ်းဆောင်ရွက်နေသလို နှစ်ဖက် ဆွေးနွေးညှိနှိုင်းသွားမယ်လို့ ပြောပါတယ်။

“လတ်တလောမှာတော့ မဟာမိတ် KIA ကြားနဲ့ TNLA ကြား အောက်ခြေမှာ အငြင်းပွားမှုတွေ ပွတ်တိုက်မှုတွေ ရှိနေပါတယ်။ ကျမတို့ဘက်ကတော့ ဗဟိုကို စာပို့ပြီးတော့ ညှိနှိုင်းဖို့လည်း ရှိပါတယ်။ တဖက်မှာလည်း အောက်ခြေမှာရှိနေတဲ့ တပ်သားတွေရော ဒီကိစ္စကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက် စီစဉ်တာမျိုးတွေရှိတယ်၊ ညွှန်ကြားတာမျိုးတွေ ရှိပါတယ်။”

အခုလိုမျိုးဖြစ်စဉ်တွေကို ထိန်းထိန်းသိမ်းသိမ်း မလုပ်ဘူးဆိုရင် နောင်လာနောင်သားတွေအတွက် သမိုင်းဆိုးတွေ ဖြစ်လာနိုင်တာကြောင့် ထိန်းသိမ်းဆောင်ရွက်ဖို့လိုတယ်လို့လည်း KIO သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တကယ်လို့ အခြေအနေတွေကို မထိန်းသိမ်းဘူးဆိုရင် နောက်ပိုင်း လူမျိုးရေးပဋိပက္ခတွေအထိ ဖြစ်လာမှာကို စိုးရိမ်ရတာကြောင့် နှစ်ဖက် ရှေ့တန်းတပ်တွေရော၊ နှစ်ဖက် တာဝန်ရှိသူတွေကြားမှာပါ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ အရေးတကြီး လိုအပ်ပြီလို့လည်း ဆိုပါတယ်။

“ပလောင်တို့ ကချင်တို့ ပြည်သူလူထုတွေကို စည်းရုံးလှုံ့ဆော်ပြီးမှ အဲဒီအငြင်းပွားမှုမှာ ပြဿနာဖြစ်တဲ့ နေရာမှာ ပါဝင်စေပြီဆိုရင်တော့ ကျနော်တို့ လူမျိုးရေးပြဿနာတွေလည်း ဖြစ်ပွားနိုင်စရာ ရှိပါတယ်။ ဒါကြောင့် ဖြစ်စေချင်တာကတော့ နှစ်ဖွဲ့စလုံးပေါ့၊ ရှေ့တန်းက တပ်ဖွဲ့ဝင်တွေကို ထိန်းထိန်းသိမ်းသိမ်းဖြစ်ဖို့ အခုချိန်မှာ အရေးကြီးတယ်။ ကျနော်တို့ နှစ်ဖွဲ့လည်းပဲ ရှေ့တန်းက လူကြီးတွေပဲဖြစ်ဖြစ် နောက်တန်းက လူကြီးတွေပဲဖြစ်ဖြစ် တွေ့ဆုံပြီး အဖြေရှာဖို့လည်း အရေးကြီးလိုအပ်တယ်လို့ မြင်ပါတယ်။”

လက်ရှိအခြေအနေအရ သိမ်းပိုက်နိုင်တဲ့ နယ်မြေအလိုက် စစ်ပွဲနဲ့ နယ်မြေခွဲခြားတဲ့ကာလ ဖြစ်နေတာကြောင့် ဒီပြဿနာတွေဟာ ဆက်ရှိနေမှာဖြစ်ပြီး ဒါတွေဟာ တပြည်လုံး လွတ်မြောက်ပြီးမှပဲ ဖြေရှင်းလို့ ပြီးနိုင်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“ကိုယ်ရတဲ့နယ်မြေကို ကိုယ့်နယ်မြေလို့ စစ်ပွဲနဲ့ ဆုံးဖြတ်နေတဲ့အချိန်မှာတော့ မတူတဲ့ အမျိုးသားပါဝင်မှုတွေပေါ်မှာ မူတည်ပြီး ဒီလိုပဋိပက္ခတွေက ရှိနေဦးမှာပါပဲ။ ဒီအပေါ်မှာ လက်နက်ကိုင် ပဋိပက္ခဖြစ်အောင် မလုပ်မိရင် ပြီးတာပါပဲ။ ဒီပြဿနာတွေက တပြည်လုံး လွတ်မြောက်ပြီးတဲ့ အခါကျမှ ကျနော်တို့ ဘယ်ဒေသဟာ ဘယ်သူ့ဒေသ စသည်အားဖြင့် ခွဲခြမ်းပြီးမှ ပြေလည်မှာပါ။”

လက်ရှိ KIA နဲ့ TNLA တို့ဟာ အမိန့်နာခံမှုအားကောင်းပြီး ခိုင်မာတဲ့စနစ်နဲ့ တည်ဆောက်ထားတဲ့ အဖွဲ့တွေ ဖြစ်တာကြောင့် လက်နက်နဲ့ ဖြေရှင်းတဲ့အထိတော့ ဖြစ်လာမှာမဟုတ်ဘူးလို့လည်း ဦးသန်းစိုးနိုင်က သုံးသပ်ပြောပါတယ်။

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013