DVB Logo
Home
မြန်မာသတင်း
ကနီတွင် PDF စစ်ဆေးရေးဂိတ်များကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၂ ဦး ထိခိုက်
DVB
·
March 4, 2025
ကနီတွင် PDF စစ်ဆေးရေးဂိတ်များကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၂ ဦး ထိခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အရှေ့ခြမ်း၊ ပျဉ်တောကျေးရွာ အရှေ့ဘက်၊ မန်ကျည်းပင် အကောက်ခွန် ကောက်ခံရေးဂိတ်နဲ့ ရွာသာရွာအနီး မန်ကျည်းကြက်ခြေဂိတ်ကို စစ်တပ်က မတ် ၃ ရက် ည ၇ နာရီကျော်က စက်တပ်လေထီး ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ စက်တပ်လေထီး ၂ စီးဟာ နမခ စစ်တပ်ကနေ လာရောက်ကြဲချတာလို့ ဒေသခံ တယောက်က ပြောပါတယ်။ 

“ပျဉ်တောရွာအရှေ့ဘက် မန်ကျည်းပင် စစ်ဆေးရေးဂိတ်ကို ဗုံးသီးတလုံးချ တိုက်ခိုက်သွားတာကတော့ ဂိတ်စောင့်တဲ့ ကိုပေါက် အသက် ၅၀ အရွယ်ဆိုတဲ့သူတဦးနဲ့ အခြားဒေသခံတဦး ကျည်စထိမှန်တယ်။ ပေါက်ကွဲတဲ့အသံကတော့ တလုံးပဲကြားလိုက်တယ်။ ဒဏ်ရာရ ထိခိုက်တဲ့သူကတော့ မစိုးရိမ်ရပါဘူး။ နောက်ပြီး ဂိတ်ရဲ့ အဆောက်အအုံလည်း အနည်းငယ် ပျက်စီးတာကလွဲပြီး ကျန်တာ ဘာမှတော့မဖြစ်ဘူး” လို့ ပြောပါတယ်။

ပျဉ်တောရွာဟာ ကြံ့ခိုင်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ချုပ်တယောက်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ဉာဏ်ထွန်းရဲ့ ဇာတိကျေးရွာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံ ရွာသားတယောက်က “ရွာသာကျေးရွာအနီးက မန်ကျည်းကြက်ခြေဂိတ်ကတော့ ၂ လုံးကြဲချတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ ရွာသားတွေကတော့ ရွာထဲကနေ ဘေးလွတ်ရာကို ထွက်ပြေးနေကြတယ်” လို့ ပြောပါတယ်။

ကနီမြို့နဲ့ ၅ မိုင်ကျော်ကွာဝေးတဲ့ ရွာသာကျေးရွာမှာ အိမ်ခြေ ၂၀၀ နီးပါးပြီး ဒေသခံအများစုကတော့ တောင်ယာ ကိုင်းကျွန်းနဲ့ စိုက်ပျိုးမွေးမြူရေးကို အဓိကလုပ်ကိုင်ကြလို့လည်း သိရပါတယ်။

ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော်တယောက်က “မုံရွာ နမခကနေ တက်လာတာကတော့ စက်တပ်လေထီးပါ ၂ စီးနဲ့ တက်လာတာဗျ။ တစီးကတော့ ရွာသာရွာဘက်လှည့်ပြီး တိုက်ခိုက်တာထင်တယ်။ နောက်တစီးကတော့ ကျနော်တို့ ပျဥ်တောရွာဘက်ကို တက်လာပြီး တိုက်ခိုက်သွားတာပေါ့။ ဗုံးသီးကြဲချတာကတော့ မဟုတ်လောက်ဘူးဗျ။ ၄၀ မမနဲ့ ပစ်တာထင်တယ်။ ဗုံးသီးချတယ်ဆိုရင် ဒီလောက်မက ထိခိုက်မယ်။ အခုဟာက သူတို့မပစ်ခင် ပစ်မှတ်ကို စလိုက်မီးမောင်းထိုးပြီး ပစ်တာ။ ကျနော်တို့က ရွာသာရွာဘက်ကို ခရီးသွားရင်း အနီးကပ်တိုက်ခိုက်တာ မြင်လိုက်ရတယ်။ အဲလိုပစ်ပြီးတော့ နမခဘက် ပြန်လှည့်သွားတယ်။ ဘုတလင်နယ်ဘက်ကိုလည်း တိုက်ခိုက်သွားသေးလားတော့ မသိရဘူး” လို့ ပြောပါတယ်။

ကနီမြို့နယ်အတွင်း ဆူးလေကုန်းရွာ၊ ချောင်းမရွာ၊ နွားခြံကုန်းရွာ၊ နတ်လာဘို့ရွာတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာလည်း စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013