DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး အနုပညာပြပွဲနှင့် လူ့အခွင့်အရေးစကားဝိုင်း လန်ဒန်တွင် ကျင်းပမည်
DVB
·
May 22, 2026
Photo: Myanmar Events In UK
Photo: Myanmar Events In UK
Donate to DVB

အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကို ခုခံတော်လှန်ရာမှာ အသုံးပြုခဲ့တဲ့ မြန်မာအနုပညာရှင်တွေရဲ့ ဖန်တီးမှုလက်ရာတွေကို ခင်းကျင်းပြသမဲ့ ထူးခြားဆန်းသစ်တဲ့ အနုပညာပြပွဲတခုကို ယူကေနိုင်ငံ လန်ဒန်မြို့မှာ မေ ၂၃ ရက်မှာ စတင်ကျင်းပသွားဖို့ ရှိနေပါတယ်။

"To Kill a Movement" လို့ အမည်ပေးထားတဲ့ အဲဒီပြပွဲဟာ အရပ်သား ၇,၀၀၀ ကျော် သေဆုံးပြီး သောင်းနဲ့ချီ အဖမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ ၅ နှစ်တာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်ချုပ်ရေး အကြောင်းကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ လက်တွေ့အသုံးအဆောင်ပစ္စည်းတွေ၊ အဝတ်အစားတွေ၊ အင်စတော်လေးရှင်း အနုပညာတွေနဲ့ တေးဂီတတွေကို သုံးပြီး ပုံဖော်တင်ဆက် မှတ်တမ်းတင်ထားတာလို့ ဆိုပါတယ်။

Amnesty International အဖွဲ့ကလည်း ပံ့ပိုးကူညီထားတဲ့ ဒီပြပွဲမှာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခ ရှေ့တန်းမျက်နှာစာက စိတ်ထိခိုက်စရာ ပုံရိပ်တွေကို ထည့်သွင်းပြသထားပြီး တချို့ပုံတွေကိုတော့ ယူကေနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ပြသမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံထဲမှာ နေထိုင်နေကြဆဲဖြစ်တဲ့ ဓာတ်ပုံဆရာတချို့ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက ဖြစ်ပျက်ခဲ့တဲ့ အလှည့်အပြောင်း အခိုက်အတန့်တွေကို မှတ်တမ်းတင်ခဲ့ကြပါတယ်။

သူတို့ရိုက်ထားတဲ့ ဓာတ်ပုံတွေထဲမှာတော့ ဆန္ဒပြပွဲတွေကို စတင်ဖို့ စုစည်းခဲ့ကြတဲ့ ဆရာ၊ ဆရာမ အဖွဲ့တွေကနေ စစ်တပ်ရဲ့ လေကြောင်းရန်ကနေ လွတ်အောင် တောတွင်းစာသင်ကျောင်းတွေမှာ ခက်ခက်ခဲခဲ ပညာသင်နေရတဲ့ ကျောင်းသားလူငယ်တွေရဲ့ ပုံရိပ်တွေအထိ ပါဝင်တယ်လို့ ဆိုပါတယ်။

ပြသထားတဲ့ ပစ္စည်းတွေထဲမှာတော့ ၂၀၂၁ ခုနှစ် မတ် ၃ ရက်မှာ မြန်မာနိုင်ငံအလယ်ပိုင်းက လူထုဆန္ဒပြပွဲတခုအတွင်း ကျဆုံးခဲ့ရပေမဲ့ သူချန်ထားခဲ့တဲ့ကဗျာတွေက တော်လှန်ရေးလှုပ်ရှားမှု တခုလုံးကို ဆက်ပြီးတွန်းအားပေးနေတဲ့ ကဗျာဆရာ ကေဇဝင်းရဲ့ လက်ရေးမူကဗျာလည်း ပါဝင်ပါတယ်။

ကဗျာဆရာ ကေဇာဝင်း ဆန္ဒပြပွဲတွေ သွားတဲ့အခါ ဝတ်လေ့ရှိတဲ့ အဝတ်အစားကိုလည်း မြန်မာ့ဆန္ဒပြပြည်သူတွေရဲ့ ပေးဆပ်မှုတွေကို သတိရစေမဲ့ သက်ရှိအထိမ်းအမှတ်တခုအဖြစ် ပြသထားမယ်လို့ သိရပါတယ်။

ပြပွဲကို ပူးတွဲစီစဉ်သူလည်းဖြစ်၊ မြန်မာငြိမ်းချမ်းရေးပြတိုက် (Myanmar Peace Museum) ကို ပူးတွဲတည်ထောင်သူလည်းဖြစ်တဲ့ စိုင်းက "ဒီပြပွဲကတဆင့် မြန်မာနိုင်ငံရဲ့ ဆန္ဒပြသမိုင်းကြောင်းဟာ ဘယ်လိုမျိုး အတိုက်ခိုက်ခံရ၊ အပိတ်ဆို့ခံရ၊ အနင်းခြေခံရပေမဲ့လည်း တနည်းမဟုတ်တနည်းနဲ့ ဘယ်လိုရှင်သန်ကျန်ရစ်ပြီး ထူးခြားဆန်းသစ်တဲ့ ပုံစံမျိုးစုံနဲ့ ဆက်ပြီး တိုးတက်ပြောင်းလဲနေလဲဆိုတဲ့ အကြောင်းကို ပြောပြချင်တာပါ။ ဒါဟာ အာဏာသိမ်းပြီး ၅ နှစ်ကျော်ကြာတဲ့အထိ အရှုံးမပေးဘဲ တော်လှန်နေတဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ဓာတ်ကို သက်သေပြနေတာပါ" လို့ ပြောပါတယ်။

Amnesty International အဖွဲ့ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းစဉ်ကတည်းက ဖမ်းဆီးခံခဲ့ရပြီး အခုထိ အကျဉ်းကျနေဆဲဖြစ်တဲ့ စိုင်းရဲ့ဖခင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ချက်ချင်းလွတ်မြောက်ဖို့အတွက်လည်း လှုပ်ရှားတောင်းဆိုပေးခဲ့ဖူးပါတယ်။

အခုပြပွဲဟာ ထိုင်းနိုင်ငံကနေ ထွက်ပြေးလာခဲ့ရပြီးနောက်ပိုင်း မြန်မာငြိမ်းချမ်းရေးပြတိုက်ရဲ့ ပထမဆုံး ပရောဂျက်အသစ် ဖြစ်တာကြောင့် စိုင်းနဲ့ ကေတို့ ဘဝသစ်တခုကို တည်ဆောက်ရင်း အနုပညာအလုပ်တွေကို ကြံ့ကြံ့ခံ လုပ်ဆောင်နေကြတဲ့အပေါ် ပေါ်လွင်စေတယ်လို့ ဆိုပါတယ်။

Amnesty International အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသနတာဝန်ခံ ဂျိုးဖရီးမန်းက "စိုင်းနဲ့ သူ့ရဲ့လက်တွဲဖော် ကေတို့ဟာ အနုပညာရှင်တွေတင် မကပါဘူး။ သူတို့ဟာ ရှင်သန်ကျန်ရစ်သူတွေလည်း ဖြစ်ပါတယ်။ စိုင်းနဲ့ ကေတို့ဟာ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးအကြောင်းကို သက်သက်ပဲ ပြောပြနေတာ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် ဖြတ်သန်းနေကြတာပါ။ တနည်းအားဖြင့် သူတို့ရဲ့ဘဝနဲ့ အနုပညာအလုပ်တွေဟာ ၂၀၂၁ အာဏာသိမ်းမှုကြောင့် ဘဝတွေ ပျက်စီးခဲ့ရပေမဲ့ မိမိတို့ တတ်နိုင်တဲ့ဘက်ကနေ ဆက်ပြီး တွန်းလှန်ဖို့ ဆုံးဖြတ်ထားကြတဲ့ မြန်မာပြည်သူ အားလုံးကို ကိုယ်စားပြုနေပါတယ်" လို့ ပြောပါတယ်။

"To Kill a Movement" ပြပွဲကိုတော့ အမှတ် ၄၀၂၊ Hoxton Arches ရပ်ကွက်၊ Cremer လမ်း၊  လန်ဒန်မြို့မှာ မေ ၂၃ ရက်ကနေ ၃၁ ရက်အထိ အထူးစကားဝိုင်း ဆွေးနွေးပွဲတွေနဲ့အတူ ကျင်းပသွားမှာဖြစ်လို့ စိတ်ပါဝင်စားသူတွေ တက်ရောက်နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။

ဒါ့အပြင် ဒါရိုက်တာ ဖေမောင်စိမ်း ရိုက်ကူးတင်ဆက်တဲ့ "The River Our Ayeyarwaddy" ရုပ်ရှင်ပြသမှုနဲ့အတူ Stars of Myanmar Friendship မှ တင်ဆက်မဲ့ "Proof of Life" ပြဇာတ်နဲ့ တော်လှန်ရေးရန်ပုံငွေ ဈေးရောင်းပွဲတော်ကိုလည်း မေ ၂၅ ရက်မှာ ပူးတွဲကျင်းပသွားမယ်လို့ အသိပေး ကြေညာထားပါတယ်။

Source: Amnesty International

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013