
ထိုင်းတောင်ပိုင်း၊ ရနောင်းမြို့နယ် ထိုင်းပင်လယ်ပြင်မှာ ရေပိုင်နက် ကျူးကျော်ဝင်ရောက်လာတဲ့ မြန်မာငါးဖမ်းလှေ တစီးနဲ့ လှေပေါ်က လူ ၆ ယောက် ဖမ်းဆီးရမိတယ်လို့ ရနောင်းဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ရနောင်းခရိုင် ရေကြောင်းလုံခြုံရေး အမှတ် ၃ တပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၂ ရက် ည ၇ နာရီလောက်က ရေပြင်ကင်းလှည့်နေစဉ် ကော်ချန့်ကျွန်းစု အနောက်ဘက်မှာ အမည်မသိစက် လှေတစီး ဝင်ရောက်လာတာကို တွေ့ရှိခဲ့လို့ ခရိုင်ရေတပ်ဌာနချုပ်ကို အကြောင်းကြားပြီး အမှတ် ၉၉၉ လှေနဲ့ သွားရောက်စစ်ဆေးခဲ့တယ်လို့ ရေတပ်ဗိုလ်မှူးချုပ် တရိုင်းကျတ် ဆာတရာထမ်းက သတင်းထောက်ကို ပြောပါတယ်။
ည ၉ နာရီလောက်မှာ အဆိုပါလှေကို ကော်ရှန့်ဟိုက်ကျွန်းတောင်ဘက်အရပ်မှာ ရောက်နေတာကို တွေ့ရတယ်။ အချက်ပေးပြီး အနီးကိုသွားရောက်စစ်ဆေးရာမှာ မြန်မာဘက်က ငါးဖမ်းလှေ ဖြစ်နေတယ်၊ လှေပေါ်မှာ လူ ၆ ယောက် လိုက်ပါလာတယ်။ လိုအပ်သလို စစ်ဆေးဖို့ ရနောင်းရေနက်ဆိပ်ကမ်းကို ခေါ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါလှေဟာ ပြီးခဲ့တဲ့လက ဖမ်းမိတဲ့ မြန်မာငါးဖမ်းလှေနဲ့ အမျိုးအစားပုံစံ ဆင်တူပေမဲ့ လှေပေါ်မှာတော့ ငါးဖမ်းပိုက်ကွန် မရှိ၊ ငါးထည့်တဲ့ဇလား၊ ငါးသိမ်းမယ့်ရေခဲသေတ္တာတွေ မရှိဘဲ သန့်ရှင်းနေတယ်၊ တရားမဝင် မြန်မာနိုင်ငံသားတွေ ဖြစ်တာကြောင့် လူကုန်ကူးမှုနဲ့ ဆက်စပ်နိုင်တယ်လို့ ခန့်မှန်းရပြီး အသေးစိတ်ကို ဆက်လက်စစ်ဆေးနေတယ်လို့ ထိုင်းရေတပ်ဗိုလ်မှူးက ပြောသွားပါတယ်။
အဆိုပါရေပိုင်နက်ထဲမှာပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်က ကျူးကျော်ဝင်ရောက်လာတဲ့ မြန်မာငါးဖမ်းလှေ ၂ စီးနဲ့ မြန်မာနိုင်ငံသား ၇ ယောက်တို့ ဖမ်းဆီးခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းကတော့ မြန်မာ့ရေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်သွားတယ် ဆိုတဲ့ ထိုင်းငါးဖမ်းလှေတစီးကို မြန်မာရေတပ်မှ ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
အဲဒီပစ်ခတ်မှုမှာ ထွက်ပြေးတဲ့ ထိုင်းငါးဖမ်းလှေသားတယောက် ရေနစ် သေဆုံးခဲ့တယ်။ ထိုင်းလှေသူကြီး အပါအဝင် ထိုင်းနိုင်ငံသား ၄ ဦးနဲ့ မြန်မာရေလုပ်သား ၂၇ တို့ ဖမ်းဆီးခံထားရပါတယ်။
ကော့သောင်းခရိုင်တရားရုံးက သူတို့ကို ထောင်ဒဏ် ငွေဒဏ် အသီးသီးချမှတ်ခဲ့ပေမဲ့ ထိုင်းအစိုးရဘက်ကတော့ သူတို့နိုင်ငံသား ၄ ယောက် ပြန်လွတ်ရေး ကြိုးပမ်းနေတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
Source : Ranong News