DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင် ရုရှားနိုင်ငံ သွားရောက်၊ သမ္မတပူတင်နှင့် တွေ့ဆုံဆွေးနွေးမည်
DVB
·
March 3, 2025
စစ်ခေါင်းဆောင် ရုရှားနိုင်ငံ သွားရောက်၊ သမ္မတပူတင်နှင့် တွေ့ဆုံဆွေးနွေးမည်
Donate to DVB

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့အဖွဲ့ဟာ မတ်လ ၃ ရက်မနက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံကို လေကြောင်းနဲ့ ထွက်ခွာသွားပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ တရားဝင် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ဖို့ ဒီနေ့မနက်က အထူးလေယာဉ်နဲ့  နေပြည်တော် တပ်မတော်လေဆိပ်ကနေ ထွက်ခွာသွားတာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ခရီးစဉ်အတွင်း ရုရှားသမ္မတ၊ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေအပြင် ရုရှားလွှတ်တော်ဥက္ကဋ္ဌတွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူတွေအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာနဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စတွေ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုနှစ်ဟာ ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး ၇၇ နှစ် ပြည့်မြောက်ပြီ ဖြစ်လို့ နှစ်နိုင်ငံဆက်သွယ်ဆက်ဆံမှု၊ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေ အပြန်အလှန်လည်ပတ်မှု၊ ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုတွေဖြစ်နေပြီး ဆက်သွယ်ဆက်ဆံမှုတွေ ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

စစ်ခေါင်းဆောင်နဲ့ အတူ စစ်ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ဗိုလ်ချုပ်ကြီးမိုးအောင်၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးသန်းဆွေ၊ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးတွေ ဒုတိယဝန်ကြီးတွေ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူတွေ  လိုက်ပါသွားကြပါတယ်။

သမ္မတပူတင်နဲ့  မြန်မာစစ်ခေါင်းဆောင်တို့  မတ်လ ၄ ရက်နေ့မှာ တွေ့ဆုံဖို့ရှိပြီး ရုရှား-မြန်မာ နှစ်နိုင်ငံ အပြန်အလှန်အကျိုးစီးပွား တိုးတက်မြှင့်တင်ဖို့အပြင် လတ်တလော နိုင်ငံတကာရေးရာ ကိစ္စတွေ ဆွေးနွေးဖို့ရှိတယ်လို့ ရုရှားသမ္မတရုံး ကရင်မလင် နန်းတော်ကနေ သတင်းထုတ်ထားပါတယ်။

ဆွေးနွေးပွဲအပြီးမှာ နှစ်နိုင်ငံသဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးဖို့နဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်သွားမယ်လို့ ဖော်ပြပါတယ်။

အခု ခရီးစဉ်ဟာ စစ်ခေါင်းဆောင်ရဲ့ ၄ ကြိမ်မြောက် ရုရှားခရီးစဉ်လည်းဖြစ်ပြီး အာဂျင်တီးနားနိုင်ငံ တရားရုံးရဲ့ ဖမ်းဝရမ်းထုတ်ပြီးနောက် ပြည်ပကို ပထမဆုံးအကြိမ်သွားတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် ရာဇဝတ်မှု ကျူးလွန်ခဲ့တာတွေ နဲ့ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို  အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်းထုတ်ထားသလို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ တရားလို ရှေ့နေချုပ်ကလည်း ဖမ်းဝရမ်းထုတ်ပေးဖို့ လျှောက်ထားတာဖြစ်ပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရသူတွေရဲ့  ပြည်ပခရီးစဉ်တွေကိုလည်း မျက်စိဒေါက်ထောက်ကြည့်နေဖို့ လိုတယ်လို့  အာဂျင်တီးနားနိုင်ငံတရားရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့ အမှုနဲ့ပတ်သက်ပြီး   ရိုဟင်ဂျာတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေးရှေ့နေ သောမတ်စ် အိုဟေး ကင်တားနားက DVB နဲ့သီးသန့် အင်တာဗျူးမှာ ပြောပါတယ်။ 

“အင်တာပိုလ်ကို အသိပေးချက်တွေ ထုတ်ပြန်စေဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ ထုတ်ပြန်ပြီးတာနဲ့ မီဒီယာကို အသိပေးသွားမှာပါ။ ဒီအသိပေးချက်တွေ ထုတ်ပြန်ပြီးတာနဲ့ အင်တာပိုလ်ဟာ နိုင်ငံတကာမှာရှိတဲ့ အထူးသဖြင့် မင်းအောင်လှိုင်နဲ့ ဒီဝရမ်းစာရင်းပါတဲ့သူတွေ သွားလေ့ရှိတဲ့ နိုင်ငံတွေက ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပါလိမ့်မယ်။ ဆိုပါတော့ အရှေ့တောင်အာရှမှာ ဆိုရင် စင်ကာပူနဲ့ ထိုင်းနိုင်ငံ စသဖြင့်ပေါ့။ ဒီနေရာမှာ နိုင်ငံတကာ ပဋိညာဉ်တွေကိုလည်း ထည့်စဉ်းစားဖို့လိုလာပါတယ်။ ဥပမာ အာဂျင်တီးနားနဲ့ ဝရမ်းပြေး ဖမ်းဆီးပေးရေးစာချုပ် ချုပ်ဆိုထားတဲ့နိုင်ငံတွေ ရှိ မရှိ၊ ဘယ်လိုဥပဒေမျိုးနဲ့ ဒီဝရမ်းကို အသက်ဝင်အောင်လုပ်မလဲ စသဖြင့် မေးခွန်းတွေ အများကြီးပါ။ ဒီလူတွေရဲ့ ပြည်ပခရီးစဉ်တွေကိုလည်း မျက်စိဒေါက်ထောက်ကြည့်နေဖို့ လိုပါတယ်။

စစ်ကောင်စီဟာ ရုရှားနိုင်ငံနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးထားကြောင်း ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့သလို ရုရှားနိုင်ငံကို မြန်မာလုပ်သားတွေ စေလွှတ်မယ့် အစီအစဉ်တွေကိုလည်း အခု ရက်ပိုင်းအတွင်းမှာပဲ ထုတ်ဖော်ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013