
ပုပ်ရဟန်းမင်းကြီးရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေပြီးတော့ အသက်ရှူစက် အကူအညီ မလိုအပ်တော့ဘူးလို့ ဗာတီကန်က မတ် ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
မျက်နှာဖုံးစွပ်ပြီး စက်အကူအညီနဲ့ အောက်ဆီဂျင်ပေးရတဲ့ အဆင့်ကို မလိုအပ်တော့ပေမဲ့ နှာခေါင်းအောက်မှာ အောက်ဆီဂျင်ပိုက် အသေးလေးနဲ့တော့ ပေးနေရသေးတယ်လို့ ဆိုပါတယ်။
သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ အဆုတ်နှစ်ဖက်စလုံး ရောင်တဲ့ ရောဂါနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ရောမြို့မက ဂျမဲလီဆေးရုံမှာ ဖေဖော်ဝါရီ ၁၄ ရက်ကတည်းက အသက်ရှူလမ်းကြောင်းပိုးဝင်မှုနဲ့ တခြား ဆက်စပ်ပြဿနာတွေကြောင့် ဆေးရုံတက်နေခဲ့တာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာတော့ ပုပ်ရဟန်းမင်းကြီးမှာ အဖျားလည်း မရှိတော့ဘူးလို့ ဆိုပါတယ်။
ဆရာဝန်တွေကတော့ ရောဂါအလားအလာကို သတိထားရမယ့် အခြေအနေလို့ သတ်မှတ်ထားဆဲဖြစ်ပြီး လုံးဝ ဘေးကင်းသွားပြီလို့ ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ တနင်္ဂနွေနေ့က ဗာတီကန်ရဲ့ နံပါတ်နှစ်တာဝန်ရှိသူလို့ ဆိုနိုင်တဲ့ ကာဒီနယ် ပေထရို ပရိုလင်၊ ပရိုလင်ရဲ့ လက်ထောက်ဖြစ်သူတို့နဲ့ ဆေးရုံမှာ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ ဆွေးနွေးမှု အပြည့်အစုံကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။
လုံးဝပင်ပန်းတဲ့အထိ အလုပ်လုပ်လေ့ရှိတယ်လို့ ထင်ရှားတဲ့ ပုပ်ရဟန်းမင်း ဖရန်စစ်ဟာ ဗာတီကန်စီးတီး မြို့ပြနိုင်ငံကို လက်ရှိအချိန်အထိ ဦးဆောင်နေဆဲဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်ကလည်း တခေါက် တွေ့ခဲ့ပါသေးတယ်။
Source : Reuters