
BPLA အနေနဲ့ ဒေသအသစ်၊ တိုက်ပွဲအသစ်တွေအတွက် တပ်သားသစ်တွေကို ဆက်တိုက်ခေါ်ယူသွားမယ်လို့ BPLAရဲ့ ပြန်ကြားရေးတာဝန်ခံရဲဘော် လင်းလင်း ကပြောပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အနေနဲ့ ဒေသအသစ်၊ တိုက်ပွဲအသစ်တွေနဲ့ စစ်အုပ်စုကို အမြန်ဆုံး အမြစ်ဖြတ်ချေမှုန်းတိုက်ထုတ်ပြီး စနစ်အသစ်၊ နိုင်ငံအသစ်နဲ့ လူထုလွတ်မြောက်ရေးအတွက် ပူးပေါင်းအင်အား လိုအပ်နေတာကြောင့် တပ်သားသစ်တွေ လက်ခံခေါ်ယူနေပြီး စိတ်ပါဝင်စားသူတွေ ဆက်သွယ်လျှောက်ထားနိုင်တယ်လို့ BPLA က မနေ့က အသိပေးကြေညာထားပါတယ်။
“ရန်သူစစ်ကောင်စီကို အလဲထိုး ခြိမ်းခြောက်နိုင်တဲ့ တိုက်ပွဲတပွဲဖြစ်ဖို့ဆိုတာ လက်နက်ခဲယမ်း၊ ထောက်ပို့လမ်းကြောင်း အခိုင်အမာရှိရမယ့်အပြင် ရဲဘော်အင်အားကိုလည်း လိုအပ်ပါတယ်။ လူထုလွတ်မြောက်ရေးအတွက် စစ်ကို စစ်နဲ့တူအောင် တိုက်ဖို့ စိတ်ပိုင်းဖြတ်ထားသူတွေကို ကျနော်တို့ BPLA က အမြဲဖိတ်ခေါ်ကြိုဆိုနေပါတယ်” လို့ ရဲဘော်လင်းလင်းက DVB ကို ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ရှင်သန်ရေးအတွက် စစ်တပ်ကင်းစင်နယ်မြေတွေက ပြည်သူတွေကို လေကြောင်းကနေ နေ့စဥ်မပြတ် ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်အုပ်စု အုပ်ချုပ်နယ်မြေတွေက ပြည်သူတွေကို အတင်းအဓမ္မ စစ်သားစုဆောင်းပြီး စစ်တိုက်စေတာတွေကို ပိုမိုလုပ်ဆောင်လာပါတယ်။
တပ်သား လိုအပ်ချက်က နှစ်ဖက်စလုံးမှာ ရှိနေပြီး အကြမ်းဖက်စစ်တပ်က သူတို့ရှင်သန်ရေးအတွက် ပြည်သူလူထုကို အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းနေတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကတော့ လူထုလွတ်မြောက်ရေးအတွက် ပူးပေါင်းအင်အားလိုအပ်တယ်လို့ BPLA က ဆိုပါတယ်။
BPLA အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်အပါအဝင် ဒေသတော်တော်များများက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့အဖွဲ့ဖြစ်ပြီး အညာဒေသမှာအ ခြေချကာ စစ်ဆင်ရေးတွေ ဖော်ဆောင်မယ်လို့ ၂၀၂၄ ခုနှစ်က ကြေညာပြီး တပ်သားသစ်တွေကို ခေါ်ယူခဲ့ပါတယ်။










