DVB Logo
Home
မြန်မာသတင်း
စလင်းမြို့နယ်က တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့ တပ်ပေါင်းစုအဖြစ် ပူးပေါင်းဖွဲ့စည်း
DVB
·
March 2, 2025
စလင်းမြို့နယ်က တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့ တပ်ပေါင်းစုအဖြစ် ပူးပေါင်းဖွဲ့စည်း
1 / 6
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်က တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့ဟာ တော်လှန်ရေးတပ်ပေါင်းစုအဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ဒေါင်းစစ်အောင် (LPDF) အဖွဲ့ရဲ့ တာဝန်ရှိခံ ကိုထူးလေး က “ကျနော်တို့ စလင်းမြို့နယ်ထဲမှာ စစ်ရေးဖော်ဆောင်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ ကျနော်တို့ စလင်းမြို့နယ်မှာရှိတဲ့ တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့ဟာ မြေပြင်ဘုံသဘောတူညီချက် ၁၃ ချက်ကို သဘောတူ လက်မှတ်ရေးထိုးပြီး တပ်ပေါင်းစုအသွင် ဖွဲ့စည်းခဲ့လိုက်တာ ဖြစ်ပါတယ်။ အခု ဖွဲ့စည်းလိုက်တဲ့ တပ်ပေါင်းစုကတော့ စလင်းမြို့နယ်ကိုပဲ အခြေပြုတာပါ” လို့ ပြောပါတယ်။

စလင်းမြို့နယ်အတွင်း စစ်ရေးတွေ ဖော်ဆောင်တဲ့အခါမှာ တော်လှန်ရေးပြီးဆုံးတဲ့အချိန်အထိ တဖွဲ့နဲ့တဖွဲ့ စည်းစည်းလုံးလုံးနဲ့ အပြန်အလှန်ထိန်းကျောင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းသွားဖို့ ရည်ရွယ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

စလင်းမြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားနေကြတဲ့ ဒေါင်းစစ်အောင် (LPDF)၊ မင်းဘူးခရိုင် တပ်ရင်း ၁၊ မင်းဘူးခရိုင်တပ်ရင်း ၅၊ ဗမာ့တပ်တော် အမှတ် ၇၀၇ တပ်ရင်း၊ SALIN (LPDF) နဲ့ ဒေါင်းညီနောင်မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဟာ တပ်ပေါင်းစုအဖြစ် အခုလို ပူးပေါင်းဖွဲ့စည်းလိုက်ကြတာလို့ ဆိုပါတယ်။

မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းမှူး ရဲဘော်မိုးကြိုးက “ပြည်သူတွေဘက်ကလည်း တော်လှန်ရေးအဖွဲ့တွေအချင်းချင်း ညီညွတ်တာကို တွေ့ချင်မြင်ချင်ကြတယ်။ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း တပ်ဖွဲ့တဖွဲ့နဲ့ တဖွဲ့ကြားမှာ မပြေလည်တာတွေ မဖြစ်ချင်ကြဘူး။ တော်လှန်ရေးကြီးလည်း အမြန်ဆုံး ပြီးစေချင်တယ်။ ကျနော်တို့မြို့နယ်ထဲက တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ ပြီးခဲ့တဲ့ ၂ လပိုင်း တတိယပတ်လောက်ကနေ စတင်ဆွေးနွေးခဲ့ကြပြီးတော့ တပ်ဖွဲ့တွေအားလုံး လက်ခံနိုင်တဲ့ ဘုံသဘောတူညီချက်တွေ ရရှိကြလို့ တပ်ပေါင်းစုသဘောမျိုး လက်မှတ်ထိုး ပူးပေါင်းလိုက်ကြတာပါ။ အခုဖွဲ့စည်းလိုက်တဲ့ တပ်ပေါင်းစုထဲမှာ EAOs၊ Local နဲ့ MOD အောက်ကဖြစ်တာ မဖြစ်တာတွေကို ခွဲခြားမထားဘူး။ စလင်းမြို့နယ်ထဲက မြေပြင်စစ်ဆင်ရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေအတူပူးပေါင်းလိုက်ပြီး စစ်ဆင်ရေးတွေအတူ ဆောင်ရွက်သွားကြမှာပါ” လို့ DVB ကို ပြောပါတယ်။

စလင်းမြို့နယ်ထဲက တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့က သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ ဘုံသဘောတူညီချက် ၁၃ ချက်ထဲမှာ တော်လှန်အင်အားစုတွေ ပြိုကွဲနှောင့်နှေးစေတဲ့ အပြုအမူ၊ အပြောအဆိုတွေကို တဖွဲ့နဲ့တဖွဲ့ကြား လုံးဝမပြုလုပ်ကြဖို့၊  တပ်ပေါင်းစု အဖွဲ့အစည်းတွေရဲ့ စစ်ရေး၊ နိုင်ငံရေးမူဝါဒကျင့်ဝတ်၊ စည်းကမ်းတွေကို အပြန်အလှန် လေးစားတန်ဖိုးထားကြဖို့၊ မဟာမိတ်တပ်ဖွဲ့ဝင်တွေအချင်းချင်း နားလည်မှု၊ လွဲမှားမှုတွေရှိရင်လည်း လက်နက်နဲ့ ဖြေရှင်းတာမျိုးကို လုံးဝခွင့်မပြုသလို တိုက်ခိုက်ရေးအဖွဲ့တွေကလည်း မိမိတို့ တာဝန်ယူထားတဲ့ နယ်မြေကလွဲလို့ တခြားအဖွဲ့အစည်းတွေ တာဝန်ယူထားတဲ့ နယ်မြေတွေကို စစ်ရေးမစ်ရှင် ဖော်ဆောင်တာ (ဒါမှမဟုတ်) အခြားလုပ်ဆောင်ဖို့ ကိစ္စတွေရှိခဲ့ရင်လည်း နယ်မြေအတွင်း လက်ရှိ တာဝန်ယူထားတဲ့ သက်ဆိုင်ရာနယ်မြေခံအဖွဲ့ဆီကို ကြိုတင်အကြောင်းကြားဖို့၊ စစ်ကောင်စီတပ်ကို အမြစ်ဖြတ်တိုက်ခိုက်ရာမှာလည်း တပ်ပေါင်းစုအသွင်နဲ့ တိုက်ခိုက်ချေမှုန်းသွားရမယ် ဆိုတာလည်း ပါဝင်ပါတယ်။

ဒါ့အပြင် တော်လှန်ရေးရဲဘော်တွေအနေနဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာတွေနဲ့ မောက်မာရိုင်းစိုင်းတာတွေ မလုပ်ဆောင်ကြဖို့အပြင် တပ်ဖွဲ့ဝင်အချင်းချင်းလည်း ခိုက်ရန်ဖြစ်ပွားတာ၊ ရပ်ရွာထဲမှာ အရက်သေစာ သောက်သုံးရမ်းကားတာ၊ အကြောင်းမဲ့ သေနတ်ပစ်ဖောက်တာမျိုးတွေ လုံးဝမလုပ်ဆောင်ကြဖို့နဲ့ လုပ်ဆောင်ခဲ့ရင်လည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဆိုပါတယ်။

တပ်ပေါင်းစုအသွင် အတူပူးပေါင်းလိုက်ကြတဲ့ စလင်းမြို့နယ်အခြေစိုက်တော်လှန်ရေး တပ်ဖွဲ့တွေဟာ အဆိုပါဘုံသဘောတူညီချက် ၁၃ ချက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ သဘောတူလက်မှတ်ရေးထိုးလိုက်ကြတာလို့ သိရပါတယ်။

စလင်းမြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အခုလို တပ်ပေါင်းစုအသွင် ပူးပေါင်းဖွဲ့စည်းလိုက်တဲ့အပေါ် လက်ခံကြိုဆိုတယ်လို့လည်း မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က DVB ကို ပြောပါတယ်။

အခုရက်ပိုင်းမှာ စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စလင်းအခြေစိုက် တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေကြတယ်လို့လည်း စလင်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013