DVB Logo
Home
မြန်မာသတင်း
TNLA အုပ်ချုပ်ရာမြို့များတွင် ဗုံးနှင့်မိုင်းကြောင့် ၁ လအတွင်း ကလေးအပါအဝင် ၂၁ ဦးသေဆုံး
DVB
·
March 2, 2025
TNLA အုပ်ချုပ်ရာမြို့များတွင် ဗုံးနှင့်မိုင်းကြောင့် ၁ လအတွင်း ကလေးအပါအဝင် ၂၁ ဦးသေဆုံး
1 / 5
Donate to DVB

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာနဲ့ မိုင်းနင်းမိတာတို့ကြောင့် ဖေဖော်ဝါရီလအတွင်း ကလေးငယ်တွေ အပါအဝင် ၂၁ ယောက်သေဆုံးပြီး ၄၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ကွတ်ခိုင်မြိုနယ်၊ နမ့်ဆိုင်ကျေးရွာမှာ ဖေဖော်ဝါရီ ၂ ရက်က ကလေး ၄ ယောက်ဟာ ချောင်းမှာ ငါးသွားဖမ်းချိန် လက်လုပ်မိုင်းကို နင်းမိလို့ ၂ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရသွားတယ်လို့ TNLA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၅ ရက်ကလည်း နမ့်ခမ်းမြိုနယ်၊ ဟိုဆိုင်းကျေးရွာက အသက် ၆၁ နှစ်အရွယ် ဦးစိုင်းငိုဟာ ကြံခင်းထဲမှာ စစ်ကောင်စီ ထောင်ထားခဲ့တဲ့မိုင်းကို ခုတ်မိလို့ ပေါက်ကွဲပြီး ခန္ဓာကိုယ်တခုလုံးနဲ့ မျက်နှာမှာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သီပေါမြို့မှာတော့ ဒေသခံအမျိုးသားတယောက်ဟာ စစ်ကောင်စီတပ်စခန်း ချခဲ့ဖူးတဲ့ မြရွှေဂူဘုန်းကြီးကျောင်းဘေးမှာ ဖေဖော်ဝါရီ ၆ ရက်က လက်ကျန်မိုင်းကိုတွေ့ရှိပြီး ကောက်ယူဆော့မိရာကနေ ပေါက်ကွဲလို့ ၁ ယောက်သေ၊ ၁ ယောက် ဒဏ်ရာရခဲ့သလို မုံးစီးမြို့နယ် ဆိုင်ခေါင်ကျေးရွာက ကလေး ၂ ယောက်ဟာ လက်ပစ်ဗုံးတလုံးကို ကောက်ယူဆော့လို့ ပေါက်ကွဲပြီး ၁ ယောက်သေ၊ ၁ ယောက် ဒဏ်ရာရသွားပါတယ်။

အဲဒီနေ့မှာပဲ နောင်ချိုမြို့၊ သပြေတောင်ရပ်ကွက်ကို စစ်ကောင်စီတပ်က ဗုံး ၁ လုံး ကြဲချတိုက်ခိုက်လို့ ပြည်သူ ၁ ယောက် ဒဏ်ရာရပြီး အိမ် ၅ လုံးပျက်စီးခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်မှာတော့ မိုးကုတ်မြို့အနောက်ပိုင်း ဝန်းထရံရပ်ကွက်ကို လေကြောင်းကနေ ဗုံအလုံး ၂၀ လာရောက်ကြဲချလို့ ပြည်သူ ၅ ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရသွားပါတယ်။

သီပေါမြို့နယ်၊ ကုန်းစုံကျေးရွာမှာ ကလေး ၂ ယောက်ဟာ စစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းကို ဖေဖော်ဝါရီ ၁၁ ရက်က နင်းမိလို့ ဒဏ်ရာအပြင်းအထန်ရသွားပြီး  အဲဒီရွာမှာပဲ ဖေဖော်ဝါရီ ၂၁ ရက်နေ့က မိသားစုတခုဟာ ကောက်ယူလာတဲ့ဗုံးကို အိမ်ထဲမှာ ဆော့ကစားမိရာကနေ ပေါက်ကွဲလို့ ၂ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်ကလည်း နောင်ချိုမြို့နယ်က ဘူတာရပ်ကွက်နဲ့ ဆေးရုံပေါ်ကို ဗုံး ၂ လုံး ကြဲချလို့ ပြည်သူ ၃ ယောက် သေ၊ ၄ ယောက် ဒဏ်ရာရသလို လောက်ဖန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ ယောက် သေ၊ ကလေးအပါအဝင် ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။

မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကိုလည်း ဖေဖော်ဝါရီ ၂၀ ရက်မှာ လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်တာကြောင့် ပြည်သူ ၃ ယောက်သေ၊ ၇ ယောက် ဒဏ်ရာရပြီး ၂၂ ရက်နေ့မှာတော့ နောင်ချိုမြို့နယ် ရွှေမုဋ္ဌောကျေးရွာနဲ့ တောင်ရှည်ကျေးရွာကို ဗုံး ၃၂ လုံး လာရောက်ကြဲချတိုက်ခိုက်လို့ ပြည်သူ ၁ ယောက် သေဆုံးသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၂၃ ရက်က တောင်ရှည်နဲ့ မန်မော်ကျေးရွာကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း အဆိပ်ငွေ့ဗုံးကို အသုံးပြုတိုက်ခိုက်တာကြောင့် TNLA တပ်သား ၁၀ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၄ ယောက်ကတော့ အပြင်းအထန်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်ကလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့ကို လေကြောင်းကနေ ဗုံး ၃ လုံး လာရောက်ကြဲချလို့ မယ်သီလရှင် ၁ ပါး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၅ လုံးနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013