
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို ဖေဖော်ဝါရီ ၂၇ ရက်မှာ အာရက္ခတပ်တော် (AA) ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
စစ်တွေမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်စခန်းတွေကို ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းကနေ ညပိုင်းအထိ အာရက္ခတပ်တော် (AA) ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ AA နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
စစ်တွေအခြေစိုက် အမြင့်ကျွန်း၊ ပါဒလိတ်၊ ကျားမသောက်၊ ကြွေတဲ၊ ဇော်မတက်၊ ကန့်ကော်ကျွန်း စတဲ့ကျေးရွာတွေမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေကို အာရက္ခတပ်တော် (AA) ဘက်က လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ဖေဖော်ဝါရီ ၂၇ ရက် မနက် ၉ နာရီလောက်က စလို့ တနာရီကို တကြိမ်လောက် လက်နက်ကြီးသံတွေ ကြားရတာဗျ။ ဆက်တိုက်ပစ်ခတ်တာမျိုးတော့ မဟုတ်ပါဘူး။ စစ်ကောင်စီဘက်ကတော့ နေ့လယ် ၁၂ နာရီကျော်လောက်မှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေ ရှိနိုင်တယ်ထင်တဲ့ နေရာတွေကို ဂျက်တိုက်လေယာဥ်တစီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်။”
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်ပေမဲ့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
လက်ရှိ မြေပြင်အခြေအနေမှာတော့ မြို့သိမ်းတိုက်ပွဲပုံစံမျိုး ထိုးစစ်ဆင် တိုက်ခိုက်တာမျိုး မရှိဘဲ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်တာမျိုးလောက်နဲ့ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေပဲ ရှိတယ်လို့ ဆိုပါတယ်။
စစ်တွေမြို့ပေါ်မှာတော့ ဒေသခံပြည်သူ သိန်းနဲ့ချီ ပိတ်မိနေပြီး စစ်ကောင်စီဘက်က စစ်ဘေးရှောင်တိမ်းခွင့်မပြုဘဲ ပိတ်ဆို့ထားတာကြောင့် ဒေသခံပြည်သူတွေဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရသလို လက်နက်ကြီးနဲ့ လေကြောင်းရန်တွေကို ကြောက်လန့်နေကြရတယ်လို့ စစ်တွေမြို့ခံတယောက်က ပြောပါတယ်။
ပလက်ဝဒေသ အပါအဝင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၅ ခုကို AA ဘက်က သိမ်းပိုက်ထိန်းချုပ်ထားကာ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့ ၃ မြို့သာ အာရက္ခတပ်တော် (AA) ဘက်က သိမ်းပိုက်ဖို့ ကျန်ရှိနေပြီး မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်း အစပ်ဘက်တွေမှာတော့ PDF တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။