Home
မြန်မာသတင်း
“ဓားပြတိုက်သလိုပဲ၊ အဆိုးဆုံးက ပျူစောထီးပဲ” - ကုန်သည်တဦး
DVB
·
February 28, 2025

မန္တလေး - မြစ်ကြီးနားလမ်းပိုင်းမှာ လက်နက်ကိုင်အဖွဲ့စုံ ဂိတ်တွေများပြားပြီး ငွေကြေးကောက်ခံတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ 

မန္တလေး - မြစ်ကြီးနားလမ်းပိုင်းမှာ ဂျူတီဆောင်ပြီး တက်လာတဲ့ ကုန်တင်ယာဉ်တွေဟာ စစ်ကိုင်း တံတားထိပ်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ ရဲ၊ ယာဉ်ထိန်းရဲတွေကို ငွေပေးဆောင်ခဲ့ပြီး မုံရွာလမ်းခွကနေ ရွှေဘိုအထွက် ကိုးပင်ဂိတ်အထိ ပျူစောထီးဂိတ်တွေကို ထပ်မံပေးဆောင်ရပါတယ်။ 

ဒါ့အပြင် ရွှေဘို-မြစ်ကြီးနားအထိ ပျူစောထီး၊ စစ်ကောင်စီတပ်ဂိတ်၊ ရဲဂိတ်တွေက ငွေကြေးကောက်ခံတာကြောင့် ၆ ဘီးကုန်တင်ယာဉ်တစီးကို ကျပ်သိန်း ၆၀ ကနေ ၈၀ အထိ ကုန်ကျတယ်လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။

“လမ်းကြေးတွေက ပျမ်းမျှ ဆိုတာကကွာ စစ်ကိုင်းတံတားရယ်၊ ကံဘလူ ဂိတ်ရယ် ဆိုလို့ရှိရင် သိန်း ၃၀ လောက် ရှိတယ်။ ၂ ဂိတ်ထဲကို ရှင်းဖို့ သိန်း ၃၀ တောင်းတယ်။ မြစ်ကြီးနားထိ ဆိုလို့ရှိရင်တော့ အသွား တကြောင်းတည်းကို သိန်း ၆၀၊ သိန်း ၈၀ အဲကြားမှာ ကုန်တာ။”

မန္တလေး - မြစ်ကြီးနားလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကပါ ကုန်စည်ခွန် ဘိလပ်မြေ တအိတ်ကို ကျပ် ၅၀၀ ပေးဆောင်ရတဲ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဂိတ်တွေမှာလည်း ထပ်မံပြီး မြစ်ကြီးနားထိ ကုန်စည်ခွန်အပါအဝင် လမ်းကြေး ၃ နေရာ ပေးဆောင်ရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ 

မန္တလေး - မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေက ငွေကြေးကောက်ခံရာမှာ သေနတ်တွေ မောင်းတင်ပြီး ခြိမ်းခြောက်တာတွေရှိတယ်လို့ ကုန်သည်တယောက်က ပြောပါတယ်။

“တကယ် ဓားပြတိုက်သလိုပဲ၊ အဆိုးဆုံးက ပျူစောထီးပဲ။ အဆုံးဆုံးက စစ်ကိုင်းနဲ့ ရွှေဘို ကြားပေါ့နော်။ ပျူစောထီး အဆိုးဆုံးပဲ။ ကားသမားကို ခြိမ်းခြောက်သလို စာရင်းသွားစစ်လို့ မရဘူး။ သေနတ်တွေ ဘာတွေ မောင်းတင်ပြီးတော့ ခြိမ်းခြောက်တယ်။”

မန္တလေး - မြစ်ကြီးနားလမ်းပိုင်းမှာ တိုက်ပွဲတွေကြောင့် မကြာခဏ ပိတ်ဆို့တာတွေကြောင့် ကုန်တင်ယာဉ်တွေဟာ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဂျူတီဆောင်ပြီး တက်လာတဲ့ ကုန်တင်ယာဉ်တွေဆီကနေ လက်နက်ကိုင်အဖွဲ့စုံဂိတ်တွေက ငွေကြေးအဆမတန်ကောက်ခံတာ တွေကြောင့် ကုန်စည်တင်ဆောင်ခတွေအပြင် ကုန်ပစ္စည်းအမျိုးမျိုး ဈေးနှုန်းတွေမြင့်တက်လာ တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

အောင်ခန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024