DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ သံရုံးဝန်ထမ်း  ၃၀ ကို NUG က အမည်ပျက်စာရင်းသွင်း၊ ပြည်ပရောက် မြန်မာများကို သံရုံး ခြိမ်းခြောက်
DVB
·
February 27, 2025
စစ်ကောင်စီ သံရုံးဝန်ထမ်း  ၃၀ ကို NUG က အမည်ပျက်စာရင်းသွင်း၊ ပြည်ပရောက် မြန်မာများကို သံရုံး ခြိမ်းခြောက်
Donate to DVB

စစ်ကောင်စီသံရုံးဝန်ထမ်း အယောက် ၃၀ ကို  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက အမည်ပျက်ထပ်တိုးစာရင်းမှာ ထည့်သွင်းကြေညာလိုက်သလို စစ်ကောင်စီသံရုံးတွေကလည်း  ပြည်ပရောက် မြန်မာတွေကို  ခြိမ်းခြောက်မှုတွေ တန်ပြန်ပြုလုပ်နေ ပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်မှာ  NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ကောင်စီသံရုံးဝန်ထမ်း အမျိုးသား ၂၈ ယောက်၊ အမျိုးသမီး ၂ ယောက်ပါဝင်တဲ့ Blacklist အမည်ပျက်ထပ်တိုးစာရင်း ၂ စောင်ကို ထပ်မံထုတ်ပြန်ခဲ့တာပါ။

စစ်ကောင်စီသံရုံးဝန်ထမ်းတွေတချို့ဟာ အချိန် ၄ နှစ်ကျော်ကြာ စစ်ကောင်စီဘက်က ဆက်လက်ရပ်တည်နေပြီး ပြည်သူ့ဘက်ကို မကူးပြောင်းတဲ့အပြင် အခြေအနေပေးရင် ပေးသလို ပြည်ပရောက်မြန်မာတွေကို ခြိမ်းခြောက်တာတွေ တန်ပြန်ပြုလုပ်နေတယ်လို့ NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

“စစ်ကောင်စီ အလိုကျအတိုင်းလုပ်နေတဲ့ သံအမတ်တွေ သံရုံးဝန်ထမ်းတွေနဲ့ သံရုံးတာဝန်ရှိပုဂ္ဂိုလ်တွေကို Black List ကြေညာခဲ့ပါတယ်။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာကအစ စစ်ကောင်စီအလိုကျ ငွေညှစ်တာတို့​ မတိုးပေးတာတို့ လုပ်တယ်။ ပြည်သူလူထုကို နှိပ်စက်ညှဉ်းပန်းတဲ့နေရာကနေပြီးတော့ တတပ်တအား ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေကို ကျနော်တို့က အမည်ပျက်စာရင်းသွင်းတာ ဖြစ်ပါတယ်။ အမည်ပျက်စာရင်း မသွင်းခင်မှာလည်း အကြိမ်ကြိမ် ချန်နယ်အမျိုးမျိုးကနေပြီး သတိပေးခဲ့ပြီးဖြစ်တယ်။ တော်လှန်ရေး အောင်မြင်တဲ့အချိန်မှာတော့ ဥပဒေအရ စစ်ဆေးအရေးယူရမှာလည်း ဖြစ်တယ်ဆိုတာ သတိပေး ပြောကြားချင်ပါတယ်။ အခု အချိန်မနှောင်းသေးပါဘူး။ ပြည်သူတွေဘက်က အမြန်ရပ်တည်ခြင်းအားဖြင့် ကူညီစောင့်ရှောက်သွားဖို့ အဆင်သင့်ရှိတယ်ဆိုတာလည်း ကျနော်တို့တွေ ပြောကြားချင်ပါတယ်” လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ အထောက်အထားမဲ့ ဒါမှမဟုတ် တရားမဝင်ရောက်ရှိနေတဲ့ မြန်မာတွေအနေနဲ့ အိမ်ရှင်အစိုးရက နှင်ထုတ်မှ ထွက်ခွာတာထက် ကြိုတင်ထွက်ခွာသင့်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဝါရှင်တန်ဒီစီသံရုံးက ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အလားတူပဲ တောင်ကိုရီးယားနိုင်ငံကို ရောက်နေတဲ့ မြန်မာတွေအနေနဲ့ နိုင်ငံကူးလက်မှတ်တွေမှာ တရားမဝင်တံဆိပ်တုံးအတု အသုံးပြုပြီး သက်တမ်းတိုးနေထိုင်သူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ စစ်ကောင်စီသံရုံးက ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်မှာ သမ္မတထရမ့်ပ်အစိုးရ တက်လာပြီး ရှုပ်ထွေးနေချိန်နဲ့ တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်နေတာတွေကို အခွင့်အရေးယူပြီး စစ်ကောင်စီသံရုံးတွေက ပြည်ပရောက် မြန်မာတွေကို အကူအညီပေးရမယ့်အစား ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Save Myanmar-USA အဖွဲ့မှ ကိုရင်အေးက “ဘယ်လိုမှ ကျနော်တို့ စဉ်းစားလို့မရဘူးဖြစ်နေတယ် သူတို့ရဲ့ အတွေးအခေါ်ကို။ ပြောရမယ်ဆိုရင် ဒီလူတွေဟာ သူတို့လက်ရှိရနေတဲ့ အကျိုးအမြတ်တွေ အတွက်ကို ရက်စက်ယုတ်မာတဲ့ လူသတ်သမားဘက်က ရပ်တည်ပေးနေတယ်ဆိုတဲ့ အနေအထားက သူတို့ရဲ့ သားစဉ်မြေးဆက်အလိုက် လူထုရဲ့ တံတွေးခွက်မှာ ပက်လက်မြောမယ့် ကိစ္စ၊ လူထုက နာကြည်း ကြဉ်ဖယ်ခြင်း လူ့အသိုက်အဝန်းကနေ သူတို့ကို အသိအမှတ်မပြုတဲ့အထိကို သားစဉ်မြေးဆက် ခံစားရမယ်ဆိုတာ မစဉ်းစားဘူးဆိုတဲ့ အနေအထားကြီး သွားမြင်နေရတယ်။ ဒီလူတွေကို ပြောရမယ်ဆိုရင် ဒီလူတွေဟာ ရက်စက်တဲ့လူရဲ့ တပည့်အဖြစ်ခံပြီးတော့ အရိုးရင်းကိုက်တဲ့အဆင့်ပဲ ရှိတယ်လို့ ပြောလို့ရတာပေါ့နော်” လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းတွေ၊ သံတမန်၊ အမှုထမ်းအရာထမ်းတွေဟာ စစ်အစိုးရအဆက်ဆက် ပုံစံသွင်းခံထားရသူတွေဖြစ်တာကြောင့် အခုလို ဆိုးရွား တဲ့နိုင်ငံရေးအပြောင်းအလဲဖြစ်ချိန်မှာတောင် စစ်တပ်ဘက်ကပဲ ဆက်လက်ရပ်တည်နေကြတာဖြစ်ပါတယ်။ 

ဒီအချိန်မှာ NUG ကို နိုင်ငံတကာက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုလာအောင် ဆောင်ရွက်နိုင်မှ ပြဿနာတွေပြေလည်နိုင်မယ်လို့ လေ့လာသူတယောက်က မှတ်ချက်ပေးပါတယ်။

ဝါရှင်တန်ဒီစီအခြေစိုက် ချင်းတိုင်းရင်းသားတက်ကြွလှုပ်ရှားသူ  ဆိုခယ်က “အထောက်အထားမဲ့တဲ့သူတွေကို နောက်ဆုံး မြန်မာပြည်သားကို မြန်မာပြည်ပြန်ပို့မယ် ဆိုတော့ အဲ့ဒီပြန်ပို့လို့ရှိရင် စစ်ကောင်စီက လက်ခံမလား။ NUG က လက်ခံမလား ဆိုတာကို သူတို့က ထည့်တွက်ဖို့လိုတယ်ပေါ့နော်။ NUG ကို တရားဝင် သူတို့က လက်ခံလာတယ်ဆိုလို့ရှိရင်တော့ US DC မှာရှိနေတဲ့ စစ်သံရုံးတို့ မြန်မာသံရုံးတို့တောင် အမောင်းထုတ်ခံရတဲ့ အခြေအနေ ရောက်လာမယ်။ ကြာမလား နှေးမလားတော့ ရှိတယ်ပေါ့နော်။ ကျနော်တို့ အထူးစပယ်ရှယ် ဘယ်သူက မြန်မာနိုင်ငံအတွက် ကိုယ်စားပြုသလဲပေါ့နော်၊ အဲ့ဒါလိုတယ်။”

NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ခံ ဝန်ထမ်းအယောက် ၉၀ ကို ၂၀၂၁ စက်တင်ဘာလမှာ ပထမအကြိမ်၊ ၂၀၂၂ မတ်လမှာ ၅၄ ယောက်ကို ဒုတိယအကြိမ်အမည်ပျက်စာရင်းသွင်းခဲ့တာပါ။ 

ဖေဖော်ဝါရီ ၂၂ ရက်နေ့ NUG က ထုတ်ပြန်ခဲ့တဲ့ အမည်ပျက်စာရင်းမှာ ပါပြီးတဲ့သူတွေကို ထပ်မံသတိပေးပြီး အမည်ပျက်စာရင်း တတိယအသုတ် ၁၇ ယောက် နဲ့ စတုတ္ထအသုတ် ၁၃ ယောက်ပါဝင်တဲ့ ကြေညာချက် ၂ စောင်ကို ထပ်တိုးထုတ်ပြန်ခဲ့တာကြောင့် စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း စုစုပေါင်း ၁၇၄ ယောက်အထိ အမည်ပျက်စာရင်းအသွင်းခံထားရတာ ဖြစ်ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013