DVB Logo
Home
နိုင်ငံတကာ
သတ္တုတွင်းထွက်ဆိုင်ရာ သဘောတူညီချက် အောင်မြင်မှု ထရမ့်ပ်ပေါ် မူတည်ဟု ဇလန်းစကီး ပြော
DVB
·
February 27, 2025
သတ္တုတွင်းထွက်ဆိုင်ရာ သဘောတူညီချက် အောင်မြင်မှု ထရမ့်ပ်ပေါ် မူတည်ဟု ဇလန်းစကီး ပြော
Donate to DVB

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးရဲ့ ဖေဖော်ဝါရီ ၂၈ ရက် ဝါရှင်တန်ခရီးစဉ် မတိုင်ခင် ယူကရိန်းရဲ့ သတ္တုတွင်းထွက် အရင်းအမြစ်တချို့က ဝင်ငွေကို အမေရိကန်ဆီ လွှဲပြောင်းပေးမယ့် ‘ပဏာမ’ သဘောတူညီချက်ကို ရရှိခဲ့ကြောင်း ယူကရိန်းက ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်မှာ ဆက်လက်ကျင်းပဖို့ စီစဉ်ထားတဲ့ အမေရိကန်-ရုရှား ဆွေးနွေးပွဲတွေမှာ ကိယက်ဗ်ကို ဖယ်ထားမှုနဲ့အတူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းမှာ ရုရှားရဲ့စစ်ပွဲကို အမြန်အဆုံးသတ်ဖို့ ကြိုးပမ်းနေချိန်မှာ ဒီသဘောတူညီချက်ဟာ ထရမ့်ပ်ဆီက ခိုင်မာအားကောင်းတဲ့ ထောက်ခံပံ့ပိုးမှု သေချာရအောင် ယူကရိန်း ကြိုးပမ်းမှုတွေအတွက် အဓိကအချက် ဖြစ်ပါတယ်။

“ဒီသဘောတူညီချက်ဟာ ကြီးကျယ်တဲ့အောင်မြင်မှု ဖြစ်နိုင်သလို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကျော်ဖြတ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ကြီးကြီးမားမား  အောင်မြင်မှုကတော့ သမ္မတ ထရမ့်ပ် နဲ့ ကျနော်တို့ စကားပြောဆိုမှုအပေါ်မှာ မူတည်နေပါတယ်” လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။

ဇလန်းစကီးက  “ကျနော့်အတွက် အဓိကအချက်ကတော့ ကျနော်တို့ဟာ ကြွေးမြီတွေ ချေးယူထားတဲ့သူ မဟုတ်ဘူး။ သဘောတူညီချက်ထဲမှာ ဒေါ်လာ ၅၀၀ ဘီလီယံ အကြွေးတွေဆိုတာ မရှိဘူး၊ ဒေါ်လာ ဘီလီယံ ၃၅၀၊ ဘီလီယံ ၁၀၀ အကြွေးလည်း မရှိဘူး။ အဲဒါက တရားမျှတမှု မရှိဘူး” လို့ သဘောတူညီချက်အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သမ္မတ ထရမ့်ပ်ဟာ စစ်ပွဲအတွင်း ကိယက်ဗ်ကို အကူအညီ ဒေါ်လာ ဘီလီယံပေါင်းများစွာ ပြန်ဆပ်ဖို့ သဘောတူညီချက်ကို ဆုံးဖြတ်ချက် ချခဲ့တာပါ။

ဇလန်းစကီးက ဓာတ်သတ္တုဆိုင်ရာ အခွင့်အရေးတွေအတွက် အလဲအလှယ်အနေနဲ့ လုံခြုံရေးအာမခံချက် တောင်းခံထားပေမဲ့ အဲဒီတောင်းဆိုချက်တွေဟာ အောင်မြင်မှု ရှိ၊ မရှိ မသေချာပါဘူး။

“ဒီသဘောတူညီချက်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ကျနော်တို့ရဲ့ ပိုကြီးတဲ့ သဘောတူညီချက်တွေရဲ့ တစိတ်တပိုင်းဖြစ်ပြီး အနာဂတ်လုံခြုံရေး အာမခံချက်ရဲ့ တစိတ်တပိုင်း ဖြစ်နိုင်ကြောင်းနဲ့ သဘောတူညီချက်တခုလို့ ဆိုပေမဲ့ ပိုမိုကျယ်ပြန့်တဲ့အမြင်ကို နားလည်ဖို့လိုပါတယ်” လို့လည်း ဇလန်းစကီးက ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်စွဲနဲ့ ရိုက်တာက မြင်တွေ့ရတဲ့ သဘောတူညီချက်မူကြမ်း မိတ္တူတစောင်ထဲမှာတော့ “ထာဝရတည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ လိုအပ်တဲ့ လုံခြုံရေးအာမခံချက်တွေ ရရှိစေမဲ့ ယူကရိန်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံပါတယ်” လို့ ဖော်ပြထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013