DVB Logo
Home
မြန်မာသတင်း
မုံရွာ တာဝါတိုင်စစ်စခန်း သိမ်းပိုက်ခံရပြီး ရဲအုပ် ၁ ဦး အပါအဝင် အများအပြား သေဆုံး
DVB
·
February 27, 2025
မုံရွာ တာဝါတိုင်စစ်စခန်း သိမ်းပိုက်ခံရပြီး ရဲအုပ် ၁ ဦး အပါအဝင် အများအပြား သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အရှေ့တောင်ဘက် ဗောဓိတထောင် ရပ်တော်မူဘုရားကြီးအနီးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချ တပ်စွဲထားတဲ့ တာဝါတိုင်စခန်းကို ဖေဖော်၀ါရီ ၂၆ ရက် မနက် ၇ နာရီဝန်းကျင်မှာ တော်လှန်ရေးတပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတယောက်က “တော်လှန်ရေတပ်ဖွဲ့တွေက ဗောဓိတထောင် ရပ်တော်မူဘုရားနားက တာဝါတိုင်တပ် ကာကင်းစခန်းတွေကို တိုက်ခိုက်ပြီးတော့ တာဝါတိုင်တပ်စခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတာပါ။ နှစ်ဖက် အသေအပျောက် ထိခိုက်ကျဆုံးတာ ရှိကြတယ်လို့တော့ သိထားရတယ်ဗျ။ စစ်ရေးအခြေအနေကြောင့် ကားလမ်းပိုင်းတချို့ကိုလည်း ယာယီပိတ်ထားပါတယ်” လို့ ပြောပါတယ်။

တိုက်ပွဲတွေ​ဖြစ်ပွားနေတဲ့အတွက် မုံရွာ-ဗောဓိတထောင် လမ်းပိုင်းနဲ့ မုံရွာ-ကျောက္ကာ လမ်းပိုင်းတွေကို ဖေဖော်၀ါရီ ၂၆ ရက် မနက် ၆ နာရီဝန်းကျင်ကစပြီး သွားလာခွင့် ယာယီပိတ်ထားလိုက်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုတွေ အခုတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ တာဝါတိုင်ကုန်းမှာ ရုပ်သံထပ်ဆင့်လွှင့်စက်ရုံရှိပြီး အဆိုပါစက်ရုံအတွက် ၂၀၂၁ နှစ်ကစလို့ ရဲကင်းစခန်း တည်ဆောက်ထားကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ နီးပါး တပ်စွဲနေကြတယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံက “ညနေပိုင်းအထိတော့ ပစ်ခတ်မှုတွေ ရှိနေတုန်းပဲဗျ။ သူတို့ဘက်ကလည်း မုံရွာ ခလရ ၁၆ တပ်ရင်းကနေ လက်နက်ကြီးပစ်ကူတွေ MI 35 နဲ့ စက်တပ်လေထီးတွေနဲ့ပါ တောက်လျှောက် ပစ်ကူပေးနေတယ်။ ဒါပေမဲ့ တာဝါတိုင်စခန်းကတော့ သိမ်းနိုင်ထားပြီးပြီ ဆိုတာတော့ အတည်ပြုလို့ရပါတယ်” လို့ DVB ကို ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ရဲကင်းစခန်းမှူး ရဲအုပ် ကျော်ဝေအောင် အပါအဝင် စစ်ကောင်စီလက်အောက်ခံတွေ ၁၀ ယောက်ထက်မနည်း သေဆုံးကာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြသူတွေလည်း ရှိပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရသူတချို့ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီ စခန်းသိမ်းတိုက်ခိုက်မူကို Monywa Dynamite-Special Task Force၊ Monywa The Boys၊ ကျောက်ဆည်ခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ ၄ လက်ရုံးတပ် Brave Heart Army-BHA က ဦးဆောင်ကာ Chindwin Fighter Group (CFG)၊ Golden Peacock Attack Force၊ မုံရွာခရိုင်အမှတ် ၄ တပ်ရင်း Chindwin Attack Force အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့လည်း မုံရွာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ဖေဖော်၀ါရီ ၂၆ ရက် ညနေ ၄ နာရီဝန်းကျင်မှာတော့ မုံရွာမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဂျန်ဘာကား ၄ စီး အပါအဝင် စစ်ကား ၁၀ စီးနဲ့ ဗောဓိရပ်တော်မူဘုရားအနီး စစ်အင်အား တိုးချဲ့ထားကာ ည ၈ နာရီဝန်းကျင်မှာတော့ အဆိုပါ တာ၀ါတိုင်ဝန်းကျင်က အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဆိုပါတယ်။

မုံရွာမြို့ခံတယောက်က “တိုက်ခိုက်ခံရလို့ သူတို့ဘက် တော်တော်လေး အထိနာသွားပုံရတယ်ဗျ။ ညတုန်းကလည်း သူတို့တွေ ရှုံးမဲမဲပြီး တာ၀ါတိုင်နားက အဆောက်အအုံတွေကို မီးရှို့နေတယ်။ မီးလောင်ပျက်စီးတဲ့ အရေအတွက်​တော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်အခြေအနေကို စစ်ကောင်စီဘက်နဲ့ တိုက်ပွဲအတွင်း ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးတဲ့အတွက် နှစ်ဖက်ထိခိုက်ကျဆုံးတဲ့ အခြေအနေကို DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

Photo : Sagaing Network News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013