DVB Logo
Home
မြန်မာသတင်း
မြန်မာသတင်းထောက်များကို ထောင်တွင်း ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်မှု ချက်ချင်းရပ် တန့်ရန် CPJ ပြော
DVB
·
February 27, 2025
မြန်မာသတင်းထောက်များကို ထောင်တွင်း ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်မှု ချက်ချင်းရပ် တန့်ရန် CPJ ပြော
Donate to DVB

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် အပါအဝင် ၃ ဦးကို အကျဉ်းထောင်တွင်း အကြိမ်ကြိမ် ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်နေတာတွေကို စစ်အုပ်စုအနေနဲ့ ချက်ချင်းရပ်တန့်ဖို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က  ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ကိုစိုင်းဇော်သိုက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလက မိုခါမုန်တိုင်းဒဏ်ခံရတဲ့ ရခိုင်ပြည်နယ် အခြေအနေ သတင်းရယူနေချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်အုပ်စုက ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခံထားရကာ ပြီးခဲ့တဲ့ ဇန်နဝါရီကစတင်ပြီး ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်တွင်းမှာ “နေ့စဉ် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု” တွေနဲ့ “လက်တုံ့ပြန် ညှဉ်းပန်းနှိပ်စက်မှု” တွေ ခံခဲ့ရတဲ့အကြောင်း ဒေသတွင်းသတင်းမီဒီယာတွေမှာ ဖော်ပြကြသလို Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကလည်း CPJ ကို အတည်ပြုထားတယ်လို့ ဆိုပါတယ်။

ကိုစိုင်းဇော်သိုက်နဲ့ ကျန် ၂ ဦးတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက အင်းစိန်ထောင်ကို လာရောက်ခဲ့တဲ့ စစ်ကောင်စီ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်တွေဆီ အင်းစိန်ထောင်ဝန်ထမ်းတွေရဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ထောင်တွင်းလူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ဖွင့်ချခဲ့တဲ့အတွက် ထောင်ဝန်ထမ်းတွေရဲ့ တန်ပြန်နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

CPJ အဖွဲ့ရဲ့ အကြီးတန်း အရှေ့တောင်အာရှဒေသဆိုင်ရာ ကိုယ်စားလှယ်ရှောင် ခရစ္စပင် က “မြန်မာစစ်အုပ်စုက သတင်းထောက် စိုင်းဇော်သိုက်ကို စော်ကားကျူးလွန်တဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်စာရင်းပြုစုရပါမယ်။ ဒီလို ညှဉ်းပန်းနှိပ်စက်မှုမျိုးက ရက်စက်ကြမ်းကြုတ်လွန်းတယ်။ မြန်မာ့စစ်အုပ်စုအနေနဲ့ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချပြီး ညှဉ်းပန်းနှိပ်စက်တာတွေကို ရပ်တန့်သင့်တယ်” လို့ ပြောပါတယ်။

အဆိုပါစွပ်စွဲချက်တွေကို CPJ အဖွဲ့ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပေမဲ့ မြန်မာနိုင်ငံမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) လို အဖွဲ့တွေက မှတ်တမ်း တင်ထားပြီး CPJ သုတေသီတွေ အစီရင်ခံတင်ပြထားတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အင်းစိန်ထောင်ထဲမှာ ရိုက်နှက်ခံရတာတွေ၊ မီးလောင်ဒဏ်ရာတွေနဲ့ လျှပ်စစ်ရှော့ တိုက်ခံရတာတွေလည်း ဖြစ်ပွားခဲ့ကြောင်း အကျဉ်းသားဟောင်းတွေဆီကတဆင့် သိရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ပြန်ကြားရေးဝန်ကြီးဌာနဆီ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ CPJ အဖွဲ့ က မှတ်ချက်ပေးဖို့ အီးမေးလ်ပေးပို့ တောင်းဆိုထားပေမဲ့ ဝန်ကြီးဌာနဘက်က ချက်ချင်း အကြောင်းပြန်ကြားခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။

CPJ အဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် ကိန်းဂဏန်းအချက်အလက်တွေအရ တရုတ်၊ အစ္စရေးနဲ့ မြန်မာနိုင်ငံတွေက သတင်းထောက်တွေကို စံချိန်တင် ဖမ်းဆီးထောင်ချမှု အများဆုံး ၃ နိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ ပြီးခဲ့တဲ့  ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၂၄ ခုနှစ်ထဲ ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၃၅ ဦးရှိနေပြီး အာဏာသိမ်းပြီးချိန်ကတည်းက စတင်ပြီးတော့ စစ်အုပ်စုဟာ သတင်းသမားတွေကို ဖမ်း ဆီးထောင်ချပြီး မီဒီယာဖြိုခွင်းမှုတွေ လုပ်ဆောင်နေသလို ဒါဇင်နဲ့ချီတဲ့ သတင်းသမားတွေ အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၈,၀၀၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013