
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ် ကာကင်းစခန်းတွေက ထွက်ပြေးလာတဲ့ စစ်သား ၂၃ ယောက်ကို CDF-Asho က လက်နက်ခဲယမ်းနဲ့အတူ အရှင်ဖမ်းမိတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက DVB ကို ပြောပါတယ်။
နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ် စခန်းရှိရာ တောင်ကုန်းကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ကာကင်းစခန်းတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ယောက်ကို ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၆ ရက်အထိ ၃ ရက်အတွင်း ချင်းကာကွယ်ရေးတပ် - အရှိုတပ်ဖွဲ့ (CDF-Asho) က လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ဆလိုင်းရိုးချင်းက ဆိုပါတယ်။
“ကျနော်တို့က အသံပေးပြီးတော့ လက်နက်ချ အလင်းဝင်ဖို့ အချက်ပေးတယ်။ မချဘဲ ကစဉ့်ကလျား၊ တကွဲတပြား ထွက်ပြေးတဲ့အတွက် ၃ ရက်အတွင်း နယ်မြေရှင်းလင်း ဖမ်းဆီးရတာမျိုး ဖြစ်ပါတယ်။ အလင်းဝင်ဖို့ပြောချိန်မှာ ပြန်လည်ပစ်ခတ်တာမျိုး မလုပ်ကြဘူး။ တောထဲမှာ လိုက်လံဖမ်းဆီးချိန်မှာလည်း ပြန်လည်ပစ်ခတ်တာမျိုး မလုပ်ပါဘူး။ သူတို့ကို ဖမ်းမိရင် သတ်ပစ်တယ်လို့ အယူအဆရှိတာကြောင့် ထွက်ပြေးကြတာမျိုးတွေပဲ ကြုံရပါတယ်။”
စခန်းစွန့်ခွာပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားတွေကို နတ်ရေကန် ဆက်သွယ်ရေး တာဝါတိုင်ရဲ့ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာက တောတွင်းတနေရာမှာ CDF-Asho တပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်သုံ့ပန်းတွေနဲ့အတူ MA 1 သေနတ် ၁၃ လက်၊ MA 2 သေနတ် ၁ လက်၊ MA- 3 သေနတ် ၃ လက်၊ MA-11 သေနတ် ၂ လက်၊ MA - 5 သေနတ် ၁ လက် စုစုပေါင်း လက်နက်ငယ် ၂၀ လက်၊ လက်ပစ်မိုင်း ၁၈ လုံး၊ EY သီး ၁၂ လုံး၊ ကျည်အတောင့် ၄,၀၀၀ ကျော်နဲ့ တခြား စစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
“စစ်ရေးအရှိန်မြင့်တဲ့ကာလလည်း ဖြစ်တယ်၊ သုံ့ပန်းတွေ ခဏခဏ ဖမ်းဆီးရမိတာမျိုးဆိုတော့ ကျနော်တို့လည်း အချိန်မရတာကြောင့် ဘယ်လိုမိတယ်၊ ဘယ်ကပါဆိုတာကို ပြည်သူကို ချမပြနိုင်သေးတာပါ။ နည်းနည်းလေး အချိန်ရတယ်ဆိုရင် ဘယ်အဆင့်ထိ မိထားတယ်၊ ပစတွေ ဘယ်လိုပါတယ် ဆိုတာတွေကို သူတို့ရဲ့ သဘောထား စကားသံတွေကို ပြည်သူကို ချပြပေးမှာပါ” လို့ ဆလိုင်းရိုးချင်းက ဆက်ပြောပါတယ်။
CDF-ASHO အနေနဲ့ စစ်သုံ့ပန်းတွေကို အမ်းတိုက်ပွဲအစ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ကတည်းက အခုအချိန်ထိ ဖမ်းဆီးရမိနေတာဖြစ်ပြီး အရေအတွက် တော်တော်များများ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေဟာ စခန်းစွန့်ခွာ ထွက်ပြေးလာသူတွေ ဖြစ်တာကြောင့် တကိုယ်ရည် အသုံးအဆောင်ပစ္စည်းတွေ ပါမလာတဲ့အတွက် အဆိုပါပစ္စည်းတွေ ထောက်ပံ့ရတာ၊ ရိက္ခာထောက်ပံ့ရတာတွေအတွက် ကြိုးစားရုန်းကန်နေရတယ်လို့ CDF-ASHO ထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်က နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ စစ်တပ်ယာဉ်တန်း ၄ စီးကို CDF-Asho က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က စစ်သား ၇ ယောက် သေဆုံးခဲ့ပြီး လက်နက်ငယ် ၄ လက်နဲ့ ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။










