
ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်က အွန်လိုင်းလိမ်လည်တဲ့ ရာဇ၀တ်မှု ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်မယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်မှာ ကတိပြုခဲ့ပါတယ်။
ထိုင်းအစိုးရဟာ တယ်လီကွန်းသုံး လိမ်လည်တဲ့ ရာဇ၀တ်မှုတွေကို တိုက်ဖျက်ရေး နောက်ထပ် အစီအမံတွေကို ဆွေးနွေးဖို့ အင်္ဂါနေ့မှာ အစိုးရအဖွဲ့ အစည်းအဝေးတရပ် ကျင်းပခဲ့တာပါ။
တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဝန်ကြီးချုပ်က ထိုင်းအစိုးရဟာ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ ရာဇ၀တ်မှုတွေကို အလေးအနက်ထားပြီး ဒီရာဇ၀တ်မှုတွေကို တိုက်ဖျက်ရင်း သံသယရှိသူတွေကို နေရပ်ပြန်ပို့ရေးမှာ တိုးတက်မှုရှိလာတယ်လို့ ပြောပါတယ်။
တယ်လီကွန်း လိမ်လည်တဲ့ ရာဇ၀တ်မှုတွေ ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့ တရုတ်နဲ့ မြန်မာတို့ ဆက်ညှိနှိုင်း ဆောင်ရွက်သွားမယ်၊ ထိုင်းအစိုးရ ဌာန အများအပြားဟာ နယ်စပ်ဒေသတွေမှာ သံသယဖြစ်ဖွယ် ဆက်သွယ်ရေးနဲ့ ကွန်ရက်အချက်ပြမှုတွေကို ဖြတ်တောက်ဖို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။
“တယ်လီကွန်းလိမ်လည်တဲ့ ရာဇ၀တ်မှုတွေ ကိစ္စက မပြီးသေးပါဘူးဆိုတာကို ထပ်ပြီး အလေးပေး ပြောချင်ပါတယ်၊ ဒီကိစ္စကို အလေးအနက် ထားရပါမယ်။ အခု ပူးပေါင်းဆောင်ရွက်မှုနဲ့ ပြဿနာဖြေရှင်းရေးပဲဖြစ်ဖြစ်၊ နိုင်ငံတော်တော်များများဆီက ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေကို ရထားပါတယ်” လို့လည်း သူက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ အခြေအနေကို အကဲဖြတ်ဖို့ ကမ္ဘောဒီးယားနယ်စပ်က ဆာခယောင်းခရိုင်ဆီ သောကြာနေ့မှာ သွားဖို့ စီစဉ်ထားပါတယ်။
လူလိမ်တွေကို နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ကမ္ဘောဒီးယားအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်မယ်လို့လည်း သူက ပြောခဲ့ပါတယ်။
Source : Reuters