DVB Logo
Home
မြန်မာသတင်း
ကရင်နီစစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာထောက်ပံ့မှု မလောက်မငဖြစ်နေ
DVB
·
February 26, 2025
ကရင်နီစစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာထောက်ပံ့မှု မလောက်မငဖြစ်နေ
Donate to DVB

ကရင်နီပြည်နယ်မှာ စစ်ရှောင်သူဦးရေတိုးလာတဲ့အတွက် စစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ မလောက်မငဖြစ်နေပါတယ်။

ရှမ်း-ကရင်နီ နယ်စပ်မှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် မိုးဗြဲ-ဖယ်ခုံနား တဝိုက်က ဒေသခံတွေဟာ ကရင်နီပြည်နယ်ထဲက စစ်ရှောင်စခန်းတွေဆီကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

လူဦးရေး ထပ်တိုးလာတဲ့ စစ်ရှောင်စခန်းတွေမှာတော့ စားနပ်ရိက္ခာမလုံလောက်တာ၊ အလှူရှင်ပုံမှန်မရတော့တာနဲ့ ရေပြတ်လပ်တဲ့ဒဏ်တွေဟာ စိုးရိမ်စရာ အနေအထားမှာရှိနေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေက DVB ကို ပြောပါတယ်။

ထပ်တိုးလာတဲ့ စစ်ရှောင်စခန်းတချို့ဆီကိုလည်း လမ်းခရီးအခက်အခဲတွေကြောင့် အလှူရှင်တွေမ ရောက်ဖြစ်တာများတယ်လို့ ဆိုပါတယ်။

ကျေးလက်မြေအဖွဲ့ တာ၀န်ခံ ကိုဇော်မင်းထိုက်က “ဒီကရင်နီပြည်ဆိုရင် ကရင်နီပြည်တခုတည်းမှာ မဟုတ်ဘနဲ့ ရှမ်းပြည်ဘက်မှာပါတဲ့လူတွေကလည်း ဒီဘက်ကို စစ်ရှောင်လာတာတွေရှိတယ်။ ဒီစစ်ရှောင်တဲ့ ဦးရေက လှူဒါန်းမယ့် အဖွဲ့အစည်းထက် လူဥ◌ီးရေက ပိုမိုပြီးတော့ များပြားတယ်ပေါ့နော်။ တချို့စစ်ရှောင်အရေး ကူညီပေးနေတဲ့သူတွေဆိုရင် အခုချိန်က တကယ့်ကို ခက်ခဲပါတယ်။ ကျနော်အဖွဲ့အနေနဲ့ပြောရင် ကျနော်တို့အနေနဲ့ စစ်ရှောင်တွေကိုကူညီရတာတင် မဟုတ်ဘဲ အခြားကဏ္ဍ တွေမှာလည်း ကူညီရတာဖြစ်တဲ့အတွက် စစ်ဘေးရှောင်တွေကတော့ ကျနော်တို့ အလှူရှင်တွေ မရောက်ဘူးလားဆိုတော့ ရောက်တယ်၊ ဒါပေမဲ့ မလောက်င တာပေါ့နော် အရောက်အပေါက် တချို့နေရာတွေက  အရမ်းနည်းပါတယ်” လို့ ပြောပါတယ်။

ဒေသတွင်းမီဒီယာတခုဖြစ်တဲ့ Karenni People Voice ရဲ့ ဖော်ပြချက်အရ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံ၊ မိုးဗြဲဇုန်အတွင်းရှိ စစ်ဘေးရှောင်စခန်း ၇ ခုထက်မနည်း စားနပ်ရိက္ခာပြတ်လပ်နေပြီး စစ်ရှောင်အိမ်ထောင်စု ၅၀၄ စုနဲ့ လူဦးရေ ၂၅၀၀ ကျော်ဟာ အရေးပေါ်စားနပ်ရိက္ခာအတွက် အကူအညီတောင်းခံထားကြပါတယ်။ 

ဒီးမော့ဆိုအနောက်ဘက်ခြမ်းက အလှူရှင်ရောက်မလာတဲ့ စစ်ရှောင်စခန်းတချို့မှာတော့ တနေ့ကို ထမင်းနှစ်နပ်ပဲစားပြီး တောင့်ခံနေကြတယ်လို့ စခန်းကော်မတီတယောက်က DVB ကို ပြောပါတယ်။

“သေချာတာကတော့ အများစုကတော့ ကိုယ့်နည်းကိုယ်ဟန်နဲ့ပဲ ဖြေရှင်းနေကြတယ်။ ဆန်ရောင်းတဲ့သူက ရောင်းတယ်၊ ရွာမှာပြန်စိုက်နိုင်တဲ့သူက ပြန်စိုက်တယ်။ ရလာတဲ့ဟာလေးတွေနဲ့တော့ ရှေ့ဆက်နေကြတယ်ပေါ့နော် သက်တောင့်သက်သာ အနေအထားတော့ မဟုတ်ဘူး။ တနေ့မှာ နှစ်နပ်လောက်တော့ စားနိုင်ကြတဲ့အနေအထားတော့ များသေးတယ်ပေါ့နော်။ ပြောရမယ်ဆိုရင် နေ့လယ်စာတွေ ဘာတွေတော့ မစားကြတာကြာပြီ၊  ဆိုလိုချင်တာက ဒီမှာတော့ ပုံမှန်အားဖြင့် အနေအထားကအဲ့လိုရှိတယ်။”

ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အခုလို စားနပ်ရိက္ခာ ပြတ်လပ်နေတာတွေ အလှူရှင်ပုံမှန်မရတာတွေကို သက်ဆိုင်ရာ အစုအဖွဲ့တွေ၊ လူမှုရေးအဖွဲ့တွေက လက်ရှိ ကူညီနေတာတွေရှိသလို IEC လက်အောက်က မြို့နယ်အုပ်ချုပ်ရေးမှုးတွေကလည်း ကူညီပေးနေတဲ့အပိုင်းတွေရှိတယ်လို့ DVB ကို ပြောပါတယ်။ 

ဒါပေမဲ့ စားနပ်ရိက္ခာ လိုအပ်ချက်ကတော့ ဆိုး၀ါးတဲ့အနေအထားမှာရှိနေတယ်လို့ IEC အ တွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။ 

“တချို့အစုအဖွဲ့တွေက စခန်းကော်မတီတခုချင်းစီရဲ့ အားကောင်းခြင်းပေါ်လည်း မူတည်တယ်။ တချို့စခန်းကော်မတီတွေက ချိတ်ဆက်အားကောင်းတယ်၊ တချို့စခန်းကော်မတီတွေက နည်းနည်းလေးချိတ်ဆက်အားနည်းတဲ့အပေါ်မှာတော့ လက်လှမ်းမီဖို့ ခဲယဥ်းတဲ့အခြေအနေကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲ့လိုမျိုး အခက်အခဲတော့ ကြုံနေတယ်။ ဒါပေမဲ့ လုံး၀ကို စားနပ်ရိက္ခာ ပြတ်လောက်တဲ့အထိ ဖြစ်တာတော့ မဟုတ်ဘူးပေါ့နော်။ ပိုပြီးတော့ ဆိုး၀ါးလာတယ်ဆိုတာတော့ ပြောလို့ရတယ်။”

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းမှု လေးနှစ်အကြာမှာ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူပေါင်း ၃ ဒသမ ၅ သန်းအထိ စံချိန်တင်မြင့်မားလာနေပြီး တိုင်းနဲ့ပြည်နယ် ၁၃ ခုမှ လူဦးရေ ၁၅ သန်းကျော်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုအပြင် အကျပ်အတည်းများစွာ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ 

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013