
လာမယ့် ၂၀၂၇ ခုနှစ်အထိ ဗြိတိန်နိုင်ငံက စစ်ရေးအသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်သွားမယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်မှာ ဝန်ကြီးချုပ် ကီယာ စတာမာ ကိုယ်တိုင် အတည်ပြုပါတယ်။
ဗြိတိန်ကာကွယ်ရေး အသုံးစရိတ်ဆိုင်ရာ အစီအစဉ်အရ နိုင်ငံတော်ဝင်ငွေရဲ့ ၂ ဒသမ ၃ ရာခိုင်နှုန်း ကနေ ၂ ဒသမ ၅ ရာခိုင်နှုန်းကို တိုးမြှင့်ပြီး စစ်ရေးအတွက် အသုံးပြုမယ်လို့ ကြေညာခဲ့တာပါ။
အခုလိုမျိုး စစ်ဘက်အသုံးစရိတ် တိုးမြှင့်နိုင်ဖို့အတွက် ပြည်ပအကူအညီပေးရေး ဘတ်ဂျက်ကို ၀ ဒသမ ၅ ရာခိုင်နှုန်းကနေ ၀ ဒသမ ၃ ရာခိုင်နှုန်းအထိ လျှော့ချသွားမယ်လို့ ဆိုပါတယ်။
ဒါကြောင့် အဲဒီကနေ ရရှိလာမယ့် ဝင်ငွေကို “ကာကွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေမှာ အလုံးစုံ သုံးစွဲသွားမယ်” ဆိုပြီး ဖော်ပြထားပါတယ်။
အဲဒီလုပ်ဆောင်ချက်အပေါ် အမေရိကန် ကာကွယ်ရေးဝန်ကြီးအနေနဲ့ ကြိုဆိုခဲ့ပေမဲ့လည်း Save The Children လိုမျိုး ဖွံ့ဖြိုးရေးအဖွဲ့တွေကတော့ ဒါကို “သစ္စာဖောက်မှု” ဖြစ်တယ်လို့ သုံးနှုန်းခဲ့ပါတယ်။
တချိန်တည်းမှာ ကီယာ စတာမာက ဝါရှင်တန်ကို သွားရောက်ဖို့ ပြင်ဆင်နေပြီး အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ်နဲ့ တွေ့ဆုံကာ ယူကရိန်းအရေးအတွက် အဓိကထား ဆွေးနွေးဖို့ ရှိနေပါတယ်။
ဥရောပခေါင်းဆောင်တွေက ကာကွယ်ရေးမူဝါဒကို ပြန်သုံးသပ်ပြင်ဆင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ ဗြိတိန်ရဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။
လက်ရှိ ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက် အမေရိကန်က ရုရှားနဲ့ သဘောတူညီချက်ယူတဲ့အခါ ဥရောပတိုက်ကို ချန်လှပ်ထားပြီး အားနည်းစေနိုင်တဲ့ အခြေအနေအပေါ် စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှာတော့ ဗြိတိန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်က ပေါင် ၅၃ ဒသမ ၉ ဘီလီယံ ပမာဏရှိခဲ့ပြီး အစီအစဉ်သစ်အရ နောက်ထပ် ပေါင် ၁၃ ဒသမ ၄ ဘီလီယံကို နှစ်စဉ် ထပ်တိုးသုံးစွဲမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဗြိတိန်အတွက် ရုရှားအပေါ် တားဆီးနိုင်မယ့် စစ်တပ်တခု တည်ဆောက်ဖို့ဆိုရင် ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ရဲ့ ၃ ရာခိုင်နှုန်းအထိ အနိမ့်ဆုံးလိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
ထရမ့်ပ် ကလည်း NATO မဟာမိတ်အဖွဲ့ဝင်တွေကို GDP ရဲ့ ၅ ရာခိုင်နှုန်းအထိ ကာကွယ်ရေးအတွက် သုံးစွဲသင့်တယ်လို့ ပြောဆိုထားတာကြောင့် ဗြိတိန်ရဲ့ ကြေညာချက်ဟာ သူ့အတွက် ကျေနပ်စေနိုင်မလား ဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။
Source : Reuters










