
အီရန်နဲ့ ပဋိပက္ခကြောင့် ခဲယမ်းမီးကျောက်တွေ အပြင်းအထန် ပြတ်လပ်နေတဲ့ကြားက လက်နက်ထုတ်လုပ်မှုနဲ့ ပို့ဆောင်မှုတွေကို အရှိန်မြှင့်ဖို့ အမေရိကန်ကာကွယ်ရေးဌာနက ကာကွယ်ရေး ကန်ထရိုက်တာတွေကို တွန်းအားပေးနေတယ်လို့ အမေရိကန်မီဒီယာတခုက ဩဂုတ် ၈ ရက်မှာ ကာကွယ်ရေးဌာနကို ကိုးကား ဖော်ပြပါတယ်။
ကာကွယ်ရေးဒုတိယဝန်ကြီး စတိဗ်ဖိုင်းဘာ့ဂ်က သြဂုတ် ၅ ရက်မှာ ကာကွယ်ရေး ကန်ထရိုက်တာတွေရဲ့ ခေါင်းဆောင်တွေဆီ စာရေးခဲ့တာကို မှတ်စုအရ သိရပါတယ်။
လက်နက်ပို့ဆောင်တာတွေကို သိသိသာသာ အရှိန်မြှင့်ဖို့နဲ့ အဓိက စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေအတွက် ထုတ်လုပ်မှုစွမ်းရည်ကို တိုးချဲ့ဖို့ ကုမ္ပဏီတွေအနေနဲ့ ၂၁ ရက်အတွင်း အစီအစဉ်တွေကို တင်ပြဖို့ သူက တောင်းဆိုခဲ့ပါတယ်။
နှစ်ပေါင်းများစွာ ကြာနေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး အချိန်ဇယားတွေကို စံချိန်ချိုးဖို့၊ အရင်းအနှီးတွေ ရင်းနှီးမြှုပ်နှံမှုနဲ့ အဆောက်အအုံ တိုးချဲ့မှုအတွက် သီးခြားအစီအစဉ်တွေ ချမှတ်ဖို့ကိုလည်း စတိဗ် ဖိန်းဘာ့ဂ်က ကန်ထရိုက်တာတွေကို တောင်းဆိုခဲ့ပါတယ်။
ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနယ်လ်က မှတ်စုရဲ့ စစ်မှန်မှုကို အတည်ပြုခဲ့တယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ခဲယမ်းမီးကျောက် ပြတ်လပ်မှုကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ကာကွယ်ရေးဌာနအကြား တင်းမာခဲ့တာကို ဒီကိစ္စနဲ့ ရင်းနှီးသူတွေက ထုတ်ပြောခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန (CSIS) က ခွဲခြမ်းစိတ်ဖြာမှု အချက်အလက်တွေအရ သြဂုတ်လအစောပိုင်းမှာ အီရန်နဲ့ စစ်မဖြစ်မီ ကမ္ဘာလုံးဆိုင်ရာ ပက်ထရီရော့ ဒုံးကျည်စာရင်းက ၂,၂၀၀ ရှိရာကနေ ခုတော့ ၈၂၇ ယူနစ်အောက်ထိ ကျဆင်းသွားခဲ့တာပါ။
THAAD ဒုံးကျည် သိုလှောင်မှုကတော့ ၄၅၂ စင်းကနေ ၂၇၈ စင်းအောက်ထိ ကျဆင်းသွားခဲ့ပါတယ်။
အမေရိကန်-အစ္စရေး-အီရန် ပဋိပက္ခ စတင်ချိန်ကစပြီး အမေရိကန်တပ်ဖွဲ့တွေဟာ THAAD ဒုံးကျည်သိုလှောင်မှုရဲ့ ၅ ပုံ ၄ ပုံနီးပါးနဲ့ ပက်ထရီရော့ ဒုံးကျည်သိုလှောင်မှုရဲ့ ထက်ဝက်လောက်ကို သုံးခဲ့ပြီးပြီလို့ ဩဂုတ် ၄ ရက် အစောပိုင်းမှာ တခြားအမေရိကန်မီဒီယာတခုက ဖော်ပြခဲ့ပါတယ်။
တာဝေးပစ် တိုက်ခိုက်မှုတွေအတွက် တိုမာဟော့ခ် ခရုဇ်ဒုံးကျည်တွေရဲ့ ထက်ဝက်နီးပါးကိုလည်း သုံးခဲ့ပါတယ်။
အမေရိကန် စစ်ဘက် အကြီးတန်းတပ်မှူးတယောက်က ပင်တဂွန်ရဲ့ ခဲယမ်းမီးကျောက် သိုလှောင်မှုဟာ အန္တရာယ်ရှိတဲ့ အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားတယ်လို့ သတိပေးခဲ့ပါတယ်။
အီရန်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်တာ အပါအဝင် စစ်ရေးဆိုင်ရာ စစ်ဆင်ရေးတွေကို ပံ့ပိုးဖို့ အရှေ့အလယ်ပိုင်းဆီ စစ်သင်္ဘော ၂၀ ကျော် စေလွှတ်ခဲ့တယ်လို့ အမေရိကန် အလယ်ပိုင်းစစ်တိုင်း ကွပ်ကဲမှုဌာန (CENTCOM) က ဩဂုတ် ၉ ရက်မှာ ပြောခဲ့ပါတယ်။
ပိတ်ဆို့မှုနဲ့ ကိုက်ညီစေဖို့ ကုန်သွယ်ရေးသင်္ဘော ၅၅ စင်းကို လမ်းကြောင်းပြောင်းခဲ့ပြီး ၂ စင်းကို ပိတ်ထားခဲ့ကာ တခြား ၂ စင်းကို စီးနင်းခဲ့တယ်လို့ CENTCOM က X လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောပါတယ်။
Source: Reuters










