
စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်ထဲက ရွှေမှော်ကို ဇူလိုင် ၃ ရက် ညနေမှာ စစ်တပ်က ဂျက်ဖိုက်တာ တွေနဲ့ ဗုံးတွေကြဲချသွားတာကြောင့် ပြည်သူ ၁ ယောက် သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေ လည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Mawlaik Revolutions ရဲ့ ပြန်ကြားရေးတာဝန်ခံက “ညနေ ၄ နာရီဝန်းကျင်လောက်မှာ ဟုမ္မလင်း လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးက ချင်းတွင်းမြစ်ဘေးက ရိုးလာရွှေမှော်ကို ဗုံး ၃ လုံးထက်မနည်း ကြဲချသွားလို့ ဆွံ့အနားမကြားတဲ့ အမျိုးသား ၁ ယောက် မီးလောင်သေဆုံးပြီးတော့ လူနေအိမ်နဲ့ စျေးဆိုင် ၃ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ ဒဏ်ရာရတဲ့သူလည်း ၃ ယောက်ရှိပြီး စိုးရိမ်ရတဲ့သူ ၂ ယောက်ရှိနေပါတယ်” လို့ DVB ကို ပြောပါတယ်။
သေဆုံးဒဏ်ရာရသူတွေဟာ ရွှေလုပ်ကွက်အတွင်းက စျေးဆိုင်ဖွင့်လှစ်ရောင်းချနေသူတွေနဲ့ ရွှေလုပ်သားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
Mawlaik Revolutions ရဲ့ တာဝန်ရှိသူက “ပြည်သူတွေအေးအေးချမ်းချမ်း လုပ်ကိုင်စားသောက် နေတဲ့ နေရာကို တိုက်ပွဲဖြစ်နေတာမရှိပါဘဲ လေကြောင်းတိုက်ခိုက်သွားတာပါ” လို့ ပြောပါတယ်။
ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့လေကြောင်းရန်ကို အမြဲသတိပြုနေထိုင်ကြဖို့နဲ့ ပြည်သူလူထုအ ချင်းချင်းကြားမှာလည်း လေကြောင်းသတင်း မျှဝေတာတွေပြုလုပ်ကြဖို့ သူက အကြံပြု ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့ နေ့လယ်ပိုင်းကလည်း စစ်ကိုင်းမြို့နယ် မြောက်ခြမ်းမှာရှိတဲ့ တလိုင်း (ထီးလှိုင်) ကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ ဗုံးတွေ ကြဲချ သွားတာကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ ၈ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြသလို လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ကြရပါသေးတယ်။










