
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်အခြေစိုက် မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းဆီကို စစ်အာဏာရှင်တပ် လက်အောက်ခံ ဒုတပ်ကြပ်တယောက်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၃ ယောက်တို့ဟာ လက်နက်မဲ့ အလင်းဝင်ရောက်လာကြတယ်လို့ အဆိုပါတပ်ရင်းက ဇူလိုင် ၈ ရက်မှာ သတင်းထုတ်ပါတယ်။
မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ တပ်ရင်းတွေနဲ့ စစ်ဆိုင်ထားတဲ့ နေရာတွေက စစ်သားတယောက်နဲ့ ပြည်သူ့စစ် ၃ ယောက်တို့ဟာ တလအတွင်းမှာ လက်နက်မဲ့ အလင်းဝင်ရောက်လာကြတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်တပ်လက်အောက်ခံတွေဟာ ဇွန် ၄ ရက်ကနေ ဇူလိုင် ၅ ရက်အတွင်း အလင်းဝင်ရောက်လာကြတာလို့လည်း သူက ဆက်ပြောပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ စစ်တပ်အတွင်းမှာ တပ်တွင်းနှိပ်စက်မှုတွေနဲ့ အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
အလင်းဝင်ရောက်လာတဲ့ ဒုတပ်ကြပ်က “စစ်တပ်ထဲမှာ ရှိနေတုန်းက တပ်တွင်းနှိပ်စက်မှုတွေ ရှိတယ်။ လစာလည်း မပေးတဲ့အပြင် မိဘဆုံးတာတောင် ပြန်ဖို့ ခွင့်မပေးဘူး။ အဲဒါတွေကြောင့် ဒီဘက်ကို အလင်းဝင်လာခဲ့တာပါ။ တပ်တွင်းထဲမှာရှိနေတုန်းက တော်လှန်ရေးတပ်ဖွဲ့တွေဆီကို အလင်းဝင်ရင် PDF တွေက ထမင်းထဲကို အဆိပ်ခတ်လိမ့်မယ်၊ လည်လှီးသတ်လိမ့်မယ်၊ ရိုက်သတ်လိမ့်မယ် ဆိုပြီးတော့ ပြောတာတွေရှိတယ်။ ဒါပေမဲ့ အခု ဒီဘက်ကို အလင်းဝင်လာပြီးတဲ့ အချိန်မှာ စစ်တပ်ထဲကပြောတဲ့စကားတွေနဲ့ တခြားစီပဲ။ ဒီမှာ ကောင်းကောင်းနေရတယ်၊ ကောင်းကောင်းစားရတယ်။ တချက်မှတောင် ရိုက်တာမရှိပါဘူး။ ကျနော်ကတော့ မိဘတွေရှိတဲ့ နေရာကို ပြန်ချင်တယ်” လို့ ပြောပါတယ်။
စစ်တပ်အတွင်းမှာ ကျန်ရှိနေသူတွေ အနေနဲ့လည်း အထက်အရာရှိတွေရဲ့ ပြောစကားတွေကို နားမယောင်ကြဘဲ နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို အမြန်ဆုံး အလင်းဝင်ကြဖို့ တိုက်တွန်းလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အလင်းဝင်ရောက်လာသူတွေရဲ့ အသက်အန္တရာယ်ကို လုံးဝတာဝန်ယူပြီး အလင်းဝင်ရောက်လိုကြတဲ့ စစ်တပ်လက်အောက်ခံတွေကို မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက အချိန်မရွေး လက်ခံကြိုဆိုနေတယ်လို့လည်း သိရပါတယ်။










