
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်အာဏာရှင်တပ်ပူးပေါင်း ရှမ်းနီ (SNA) တပ်တို့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်အစပ်က စုံတွဲမှော်၊ တောင်ဦးရွာတွေမှာ တလဝန်းကျင်ကြာ တိုက်ပွဲဖြစ်နေပြီး ဒီနေ့ သြဂုတ် ၁၃ ရက်မှာလည်း တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဟုမ္မလင်းမြို့ ဒေသခံတယောက်က “ဖားကန့်မြို့နယ်နဲ့ ဟုမ္မလင်းအစပ်ပေါ့။ ဆယ်ဇင်းရွာတဖက် စုံတွဲမှော်၊ တောင်ဦးမှာတော့ တိုက်ပွဲဖြစ်နေတယ်။ ဆက်တိုက် တိုက်ပွဲဖြစ်နေတာ” လို့ ပြောပါတယ်။
အဲဒီဒေသမှာ စစ်အာဏာရှင်တပ်ပူးပေါင်း ရှမ်းနီ (SNA) တပ်တွေနဲ့ KIA တပ်မဟာ ၉၊ တပ်ရင်း ၂၆၊ နာဂပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။
ဒေသခံတယောက်က “လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိတယ်။ နှစ်ဖက် အကျအဆုံး အထိအခိုက်တွေလည်း ရှိတယ်။ တိုက်ပွဲကတော့ တော်တော်လေး ပြင်းထန်ပါတယ်” လို့ ပြောပါတယ်။
အဲဒီဒေသဟာ စစ်ရေးအရ အရေးပါတဲ့ ရွှေမှော်နယ်မြေတွေ ဖြစ်တာကြောင့် စစ်ရေးတင်းမာမှု မြင့်မားနေတာ ဖြစ်ပါတယ်။
စုံတွဲမှော်၊ ရေပေါ်မီး၊ သဲနုတ်ဆွတ် စတဲ့ကျေးရွာတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပြီး တောင်ဦးရွာဘက်ကို စစ်တပ်ဘက်က စစ်ကြောင်းထိုးလာရာကနေ တိုက်ပွဲတွေ ဖြစ်လာတာပါ။
Photo: TLM











