
ချီလီနိုင်ငံတဝန်း လျှပ်စစ်ဓာတ်အား အများအပြား ပြတ်တောက်မှု ဖြစ်ပွားခဲ့တာကြောင့် အန်ဒီယန်နိုင်ငံတလွှား နေအိမ် ၈ သန်းလောက်ထဲက ထက်ဝက်လောက် လျှပ်စစ်မီး ဖြည်းဖြည်းချင်း ပြန်ရနေပြီလို့ ချီလီသမ္မတ ဂယ်ဘရီယယ်လ် ဘောရစ်က ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
သမ္မတ ဘောရစ်ဟာ အရေးပေါ်အခြေအနေ ကြေညာထားပြီး အဓိကအားဖြင့် သက်ရောက်မှုရှိတဲ့ အာရီကာ မြောက်ပိုင်းဒေသက လော့စ် လာဂိုစ် တောင်ပိုင်းဒေသအထိ ည ၁၀ နာရီမှ မနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
မြို့တော်ရှိ လမ်းမီးတိုင်တွေလည်း အလင်းရောင်မပေးနိုင်ခဲ့ဘဲ သန်းနဲ့ချီတဲ့ ခရီးသည်တွေကို သယ်ယူပို့ဆောင်ပေးတဲ့ ဆန်တီယာဂို မက်ထရို ရထားလိုင်းကိုလည်း ထိခိုက်ခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံး ကြေးနီထုတ်လုပ်တဲ့နိုင်ငံမှာ လျှပ်စစ်မီး ပြတ်တောက်သွားတာကြောင့် သတ္တုတွင်းလုပ်ငန်း ရပ်တန့်သွားပြီး သတ္တုတူးဖော်မှုကို အားစိုက်လုပ်ကိုင်နေတဲ့ မြောက်ဘက်ကနေ အလယ်ပိုင်းအထိနဲ့ မြို့တော် ဆန်တီယာဂို အပါအဝင် လူဦးရေအများစု နေထိုင်ရာ တောင်ပိုင်းဒေသတွေအထိ ထိခိုက်ခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။
ချီလီနိုင်ငံရဲ့ အမျိုးသား သဘာဝဘေးကာကွယ်ရေးနဲ့ တုံ့ပြန်ရေးဌာန SENAPRED ရဲ့ အဆိုအရ မြောက်ပိုင်း အာရီကာနဲ့ ပရီနာကိုတာ ဒေသမှ တောင်ပိုင်း လော့စ် လာဂိုစ် ဒေသအထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ကြောင်း သိရှိရပြီး အရေးပေါ်အခြေအနေတွေကို အစီရင်ခံခြင်း မရှိသေးပါဘူး။
လျှပ်စစ်ဓာတ်အားပို့လွှတ်တဲ့ ကုမ္ပဏီတွေဟာ ချို့ယွင်းမှုရဲ့ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးနေပြီး လျှပ်စစ်ဓာတ်အားဝန်ဆောင်မှု ပြန်လည်စတင်နိုင်ရေးအတွက် လုပ်ဆောင်နေကြောင်း SENAPRED က ပြောကြားခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီး ကာရိုလိုင်းနား တိုဟာက ဒီလို ကျယ်ကျယ်ပြန့်ပြန့် မီးပျက်ရခြင်းမှာ နိုင်ငံမြောက်ပိုင်းမှာ သွယ်တန်းထားတဲ့ ဓာတ်အားလိုင်း ချို့ယွင်းမှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆိုက်ဘာတိုက်ခိုက်မှုကြောင့်လို့ ပြောဆိုကြတာကို ငြင်းဆိုခဲ့ပါတယ်။
Source : Reuters