DVB Logo
Home
မြန်မာသတင်း
စစ်တပ်နှင့် ပျူစောထီးက ငွေကြေးမတရားတောင်းနေသဖြင့် ကုန်ကားသမားများ အခက်ခဲတွေ့
DVB
·
February 26, 2025
စစ်တပ်နှင့် ပျူစောထီးက ငွေကြေးမတရားတောင်းနေသဖြင့် ကုန်ကားသမားများ အခက်ခဲတွေ့
Donate to DVB

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေက ဂိတ်ချပြီး ငွေကြေးတောင်းခံမှုများလာလို့ ကုန်ကားသမားတွေ အခက်အခဲတွေ့နေကြရကြောင်း ကုန်တင် ယာဉ်မောင်းတွေဆီက သိရပါတယ်။

“တကယ် ဓားပြတိုက်သလိုပဲ။ အဆိုးဆုံးက ပျူစောထီးပဲ။ အဆုံးဆုံးက စစ်ကိုင်းနဲ့ ရွှေဘို ကြားပေါ့နော်။ ပျူစောထီး အဆိုးဆုံးပဲ။ ကားသမားကို ခြိမ်းခြောက်သလို စာရင်းသွားစစ်လို့ မရဘူး။ သေနတ်တွေ ဘာတွေ မောင်းတင်ပြီးတော့ ခြိမ်းခြောက်တယ် သိလား” လို့ လုပ်ငန်းရှင် တယောက်က ပြောပါတယ်။

ဂျူတီဆောင်ပြီး တက်လာတဲ့ ကုန်တင်ကားတောင် စစ်ကိုင်းတံတား ဒီဘက်ထိပ်နဲ့ ဟိုဘက်ထိပ်မှာတင် စစ်ကောင်စီတပ်နဲ့ ရဲ၊ မော်တော် ပီကယ်၊ ယာဉ်ထိန်းတွေကို ၁၁ သိန်းကျော်လောက် ကုန်ပြီလို့ သူက ပြောပါတယ်။

မုံရွာလမ်းခွဲကနေ ရွှေဘို အထွက် ကိုးပင်ဂိတ်အထိ ပျူစောထီးဂိတ်တွေ ဖြစ်ပြီး ၁၅ သိန်း နဲ့ ၁၈ သိန်းကြား ပေးရပြီး အထက်ပိုင်း မြစ်ကြီးနားထိ ပျူစောထီး၊ စစ်ကောင်စီတပ်ဂိတ်၊ ရဲ စသဖြင့် ရှိသေးတယ်လို့ သူက ထပ်ပြောပြပါတယ်။

PDF တွေကိုကျတော့ စစ်ကိုင်းမှာ ကုန်စည်ခွန် ဘိလပ်မြေ တအိတ်ကို ၅၀၀ စီ ဆောင်ပြီး လမ်းမှာ ၂ နေရာ ဖြတ်သန်းခ ဆောင်ရကာ စစ်ကိုင်းကနေ မြစ်ကြီးနားအထိ ၆၂၀,၀၀၀ ဆောင်ရင် ရောက်ပြီ။ KIA တပ်ဖွဲ့ ဆီမှာလည်း ကုန်စည်ခွန်အပါအဝင် လမ်းကြေး ၃ နေရာ ဆောင်ရပြီး မြစ်ကြီးနားထိ ၁၃ သိန်း ကုန်တယ်လို့ ဆိုပါတယ်။

ကုန်တင်ယာဉ်မောင်းတယောက်က “လမ်းကြေးတွေက ပျမ်းမျှ ဆိုတာကကွာ စစ်ကိုင်းတံတားရယ်၊ ကံတလူ ဂိတ်ရယ် အဲဒီ ၂ ဂိတ်ထဲကို ရှင်းဖို့ သိန်း ၃၀ လောက်ကျတယ်” လို့ ပြောပါတယ်။

မြစ်ကြီးနားထိ ဆိုရင်တော့ အသွားတကြောင်းတည်းကို သိန်း ၆၀ ကနေ သိန်း ၈၀ အဲကြား ကုန်တယ်လို့ သူက ပြောပါတယ်။

“အခုရက်ပိုင်း နည်းနည်း ရစ်တယ်တောင် ပြောနေတယ်။ ပါးရိုက်၊ နားရိုက်တာတွေတောင် လုပ်လာတယ်တဲ့။ ဟိုတနေ့က သူငယ်ချင်း တယောက်က ပြောလာတယ်။ ဘယ်ကောင်မှ မကောင်းပါဘူးကွာ။ သေနတ်တွေ ကိုင်ထားတော့ အနိုင်ကျင့်လာတာတွေများတယ်။” 

စစ်ကိုင်း မြို့ထဲက‌နေ ၁၀ မိုင်လောက် ထွက်ရင် စစ်တပ်ဂိတ် ကုန်သွားပြီ ဖြစ်ပြီး ဂိတ်တွေက နီးနီးကပ်ကပ်လေးတွေ စစ်ကိုင်းနဲ့ ရွှေဘိုကြားတင်ကို အဖွဲ့ ၂၅ ဖွဲ့လောက်ရှိကာ မပေးနိုင်လို့ တချို့ဂိတ်တွေက ပြဿနာရှာတယ်လို့ သူက ပြောပါတယ်။

တချို့ ယာဉ်မောင်းတွေက မန္တလေး - မြစ်ကြီးနားလမ်း က ရှုပ်ထွေးပြီး လမ်း‌ကြေးများတဲ့ အပြင် အန္တရာယ်လည်း အရမ်းများတယ်လို့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။

Pra Jaw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013