DVB Logo
Home
မြန်မာသတင်း
အလင်းဝင်ပြီး စစ်ကောင်စီကို ပြန်တော်လှန်သည့် ရဲဘော် ကံထူးလွင်
DVB
·
February 25, 2025
အလင်းဝင်ပြီး စစ်ကောင်စီကို ပြန်တော်လှန်သည့် ရဲဘော် ကံထူးလွင်
Donate to DVB

စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လကစပြီး စစ်ကောင်စီတပ် ကြီးစိုးရာဒေသက လူငယ်အမျိုးသားတွေကို စစ်သင်တန်းတက်ခိုင်းပြီး ရှေ့တန်းကို ပို့နေတဲ့အထဲ တပ်သား ကံထူးလွင်လည်း အပါအဝင်ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကိုကံထူးလွင်က စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အပတ်စဥ် ၁ မှာ ပါခဲ့ရပြီး စစ်သင်တန်း ၃ လ တက်ပြီးတဲ့နောက် ရှမ်းပြည်တောင်ပိုင်းရဲ့ ရှေ့တန်းပို့ခံရတဲ့ လမ်းခုလတ် တနေရာကနေ အမှတ် ၁၀၀၉ တပ်ရင်း၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF ဆီမှာ အလင်းဝင်လာခဲ့ပါတယ်။

စစ်ကောင်စီကို ပြန်လည်တော်လှန်နေသူ ကိုကံထူးလွင်က “ရပ်ကွက်ဥက္ကဋ္ဌတွေ လာပြီးတော့ ရပ်ကွက်မှာ လုံခြုံရေးပြန်ထားမယ်ဆိုပြီး ခေါ်သွားတာပါ။ ၃ လပိုင်းကစပြီး ၆ လပိုင်းမှာ သင်တန်းဆင်းပါတယ်။ ရန်ကုန် တိုက်ကြီး ချိုးဖြူသင်တန်းကျောင်း။ စစ်ကောင်စီကို စ တော်လှန်တာက ဘက်ပြောင်းလာတဲ့အချိန်ကစပြီး တော်လှန်တာပေါ့။ စစ်ကောင်စီက အာဏာသိမ်းတာကို ဆန့်ကျင်တာပေါ့” လို့ ပြောပါတယ်။

ရဲဘော် ကံထူးလွင်က ၇ လပိုင်းမှာ IPDF တပ်ရင်းကို ရောက်ရှိလာပြီး စစ်ကောင်စီတပ်ကိုလည်း လက်နက်ကိုင် တော်လှန်နေတာပါ။

“စစ်ကောင်စီလက်ထဲနဲ့ တော်လှန်ရေးတပ် လက်ထဲက ကွာခြားချက် အများကြီးရှိပါတယ်။ စစ်ကောင်စီထဲမှာဆို သူတို့အမိန့်ကို ကြောက်နေရတယ်။ သူတို့လုပ်ခိုင်းတာ မလုပ်ရင် သင်တန်းသားတွေကို ရိုက်တယ်။ ဒီဘက်ရောက်လာတော့ ရဲဘော်တွေက ညီအစ်ကိုလို ပေါင်းတယ်။ တိုင်တိုင်ပင်ပင် လုပ်တယ်။ ရှေ့တန်းမှာတိုက်နေတဲ့ ရဲဘော်တွေရဲ့ စိတ်ဆန္ဒ လိုက်ဖြည့်ဆည်းပေးတယ်။ လူငယ်တွေကို ပြောချင်တာ တခုပဲရှိတယ်၊ ဓမ္မဘက် ရပ်မလား၊ အဓမ္မဘက် ရပ်မလား ဆုံးဖြတ်ရမယ့်အချိန် ရောက်လာပြီ။”

လက်ရှိမှာ ရဲဘော်ကံထူးလွင်က စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်က ရေပူကျေးရွာတိုက်ပွဲမှာ ရဲဘော်ညီအစ်ကိုတွေနဲ့အတူ စစ်ကောင်စီတပ်ကို တိုက်ခိုက်တွန်းလှန်နေတာပဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းဥပဒေ ထွက်ပြီးတဲ့နောက် IPDF တပ်ဖွဲ့ဆီကို ဘက်ပြောင်းခိုလှုံလာသူ ၁၁ ယောက်အထိ ရှိနေပြီလို့ IPDF တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013