DVB Logo
Home
မြန်မာသတင်း
စားသုံးဆီရည်ညွှန်းဈေးကျသော်လည်း အတက်ဈေးဖြင့် ရောင်းနေ၍ အိမ်ရှင်မများ အခက်ကြုံ
DVB
·
February 25, 2025
စားသုံးဆီရည်ညွှန်းဈေးကျသော်လည်း အတက်ဈေးဖြင့် ရောင်းနေ၍ အိမ်ရှင်မများ အခက်ကြုံ
Donate to DVB

စားသုံးဆီရည်ညွှန်းဈေးတွေ ကျဆင်းနေပေမဲ့ ဆီဆိုင်တွေက အတက်ဈေးနဲ့ ရောင်းနေတာကြောင့် ပြင်ပပေါက်ဈေးမြင့်တက်ပြီး အိမ်ရှင်မတွေ အခက်ကြုံနေရပါတယ်။ 

မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များ အသင်းက စားအုန်းဆီရည်ညွှန်းဈေး ၆၉၀၅ ကျပ်သာ သတ်မှတ်ထားပေမဲ့ ပြင်ပဈေးကွက်မှာတော့ စားအုန်းဆီ တပိဿာကို ကျပ် ၁၀၀၀၀ ကျော် ပေါက်ဈေးရှိနေတယ်လို့ အိမ်ရှင်မတွေက‌ ပြောကြပါတယ်။ 

ရန်ကုန်မြို့မှာတော့ ရပ်ကွက်ရုံးမှာ ဆီစာအုပ်လုပ်ထားသူတွေကို တချို့ရပ်ကွက်တွေမှာတော့ တပတ် တရက် တချို့ရပ်ကွက်တွေမှာတော့ တပတ်ကို ၂ ရက်နဲ့ တန်းစီကာ တိုကင်ယူရပြီး နောက်တနေ့မှာ သတ်မှတ်ထားတဲ့ဆိုင်မှာ ၅၀ သားနှုန်း ဝယ်ယူရတယ်လို့ သိရပါတယ်။

ပင်စင်စားတွေကိုတော့ ဘဏ်တွေမှာ ဆီကုန်သည်အသင်းက တပိဿာကို ၈၃၀၀ နှုန်းနဲ့ တလကို ၃ ပိဿာစီရောင်းချပေးတာတွေရှိတယ်လို့ သိရပါတယ်။ ပြင်ပဈေးကွက်မှာတော့ ဆီလက်ကားဈေး တပိဿာ ၁၁၀၀၀ ဝန်းကျင်နဲ့ လက်လီဈေး ၁၂၀၀၀ ဝန်းကျင်ပေါက်နေတယ်လို့ ရန်ကုန်မြို့က ဈေးရောင်းသူ အမျိုးသမီးတယောက်က ပြောပါတယ်။ 

စားသုံးဆီရည်ညွှန်းဈေးကျဆင်းနေပေမဲ့ ပြင်ပပေါက်ဈေးမကျတဲ့အတွက် ပိုခက်ခဲလာရတယ်လို့ ရန်ကုန်မြို့က အသုပ်စုံရောင်းတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။

“ဖောက်သည် လက်လီလက်ကား ရုံးကပေးတယ်ဆိုတဲ့ အခါကျတော့ ရုံးကပေးတယ်ဆိုတဲ့ အခါကျတော့ နည်းနည်းတော့ လျော့တာပေါ့ကွယ်။ ၆၉၀၀ ဆိုရင်တော့ အပြင်ဈေး ၇၉၀၀ ပဲကျတယ်။ အစိုးရက ချပေးပေမဲ့ အပြင်မှာ တက်နေတုန်းပဲ။ တက်တယ်လို့ပြောရမှာပေါ့ ကျမှမကျတာ။ မကိုက်ပြန်ဘူးလေ ဈေးဗန်းကမမြတ်ဘူး၊ ဈေးနှုန်းက ခုန်တက်နေတာ၊ ဆီဈေးတက်တာရယ် ဟိုဘက်က ကုန်ဈေးနှုန်းတတ်တာရယ်၊ ကိုယ်ရောင်းမယ့်ကုန် တက်တာရယ် ကြော်မယ့်လှော်မယ့် ပစ္စည်းတက်တဲ့ဟာနဲ့ ဒီကဆီဈေးနဲ့ ကိုက်မိတဲ့အခါကျတော့ သူများလုပ်ကျွေးသလိုဖြစ်တယ်၊ ကိုယ့်အတွက်မစားရဘူး၊ ဆန်ဖိုးတောင်မရနိုင်ဘူး။”

မွန်ပြည်နယ် မြို့နယ်တချို့မှာတော့ မြို့နယ်စည်ပင်သာယာရေးဌာနက ဦးဆောင်ကာ မြို့နယ်ဈေးတွေမှာ သောကြာနေ့တိုင်း စားသုံးဆီရောင်းချပေးတာတွေရှိနေတယ်လို့ သိရပါတယ်။ 

မှတ်ပုံတင်ကိုင်ဆောင်တဲ့ လူတယောက်ကို ဆီ ၅၀ ကျပ်သား ကျပ် ၄၀၀၀ နှုန်းရောင်းချပေးနေတာပါ။ ရောင်းချပေးတဲ့ ဆီတွေမှာ အချိန်အတွယ်မပြည့်တာတွေရှိနေပြီး ရပ်ကွက်ရုံးနဲ့ နီးစပ်သူတွေကိုသာ ဦးစားပေး ရောင်းချပေးနေတယ်လို့ အိမ်ရှင်မတွေက‌ ပြောကြပါတယ်။

မွန်ပြည်နယ်နေ အိမ်ရှင်မတယောက်က “တပတ်ကို သောကြာနေ့မှာ တခါရောင်းတယ်၊ မှတ်ပုံတင်နဲ့လည်းပေးတယ်။ ဈေးထဲမှာပေးတာတော့ တယောက်ကို ၅၀ သားစီပေးတယ်၊ ၅၀ သားကို ၄၀၀၀ နဲ့ ၁၀၀ အထောက်အထားတွေ ဘာတွေတော့မယူဘူး၊ သူတို့အမျိုးတွေပဲရပါတယ်ကွယ်။ သူတို့အမျိုးတွေ ဘာတွေဆိုရင်တော့ တပိဿာလောက် ရတယ်၊ အပြင်လူက ၅၀ သားတောင်မရချင်ဘူး၊ မရတာက များနေတယ်။ ၅၀ သားကလည်း ၄၅ ကျပ်သားပဲ ရှိတယ်။ မပြည့်တဲ့အပြင်ကို ဘယ်လိုပြောမလဲဆိုတော့ လူဦးရေ ၂၀၀ လောက် ပေးခိုင်းတာကို ၁၀၀ လောက်ပဲပေးတယ်။ သူတို့က ညဘက်ထဲက ဆီကားတွေ ဘာတွေရောက်ရင် မီးတွေဘာတွေပျက်ရင် စားသောက်ဆိုင်တို့၊ ကိုယ်ပိုင်ကျောင်းတို့ ဘာတို့ကို ခိုးရောင်းတယ်” လို့ ပြောပါတယ်။

စားသုံးဆီတပတ်တာ ရည်ညွှန်းဈေးကို နိုင်ငံခြားစားသုံးဆီဈေးနှုန်းပေါ် မူတည်ကာ တွက်ချက်ထားပြီး ပြည်တွင်းဈေးကွက်အတွင်းမှာ ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်ဖြစ်သိုလှောင်တာတွေ ပြုလုပ်ပါက အရေးကြီးကုန်စည်ဥပဒေနဲ့ အရေးယူသွားမယ်လို့ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားပေမယ့် ပြင်ပမှာ စားသုံးဆီဈေးတွေ ဆက်လက်မြင့်တတ်နေတာ ဖြစ်ပါတယ်။ 

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013