
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သင်တောကျေးရွာအနီးမှာ စစ်တပ်က လေယာဉ်နဲ့ ပစ်ခတ်သွားတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေကို ပြည်သူကာကွယ်ရေးတပ်က ရှင်းလင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ မင်ကင်းပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
မပေါက်ကွဲသေးတဲ့ ဗုံးသီးများ သင်တောကျေးရွာအနီး လယ်ယာကိုင်းကျွန်းတွေထဲကနေ တွေ့ရှိတာလို့ သိရပါတယ်။
“ကျနော် ယာခင်းထဲက ပေါင် ၅၀၀ ဗုံးတလုံး တွေ့ရတယ်။ တခြားယာခင်းတွေထဲကလည်း ဗုံးသီးသေးသေးလေးတွေလည်း တွေ့ရတယ်။ အဲဒီလို တွေ့ရလို့ ဗိုလ်သူရိန် ပြည်သူကာကွယ်ရေးတပ်ကို အသိပေး အကြောင်းကြားထားတယ်ဗျ” လို့ သင်တောရွာ တောင်သူတယောက်က ပြောပါတယ်။
တွေ့ရှိရတဲ့ ဗုံးသီးတွေကို ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၂ နာရီအချိန်မှာ ပြည်သူကာကွယ်ရေးတပ်က ဖောက်ခွဲရှင်းလင်းခဲ့တယ်လို့ ဗိုလ်သူရိန်က ပြောပါတယ်။
“ကျနော်တို့ မပေါက်ကွဲသေးတဲ့ ဗုံးသီးက ပေါင် ၅၀၀ ဗုံးကြီးက တလုံး၊ အသေးစား ဗုံးသီးက ၃ လုံးဗျ။ တောင်သူတွေ အသိပေးလာလို့ ကျနော်တို့ သွားပြီးသွားရှင်းလင်းခဲ့တာဗျ။ ဖောက်ခွဲတာကိုလည်း ပြည်သူတွေ အထိတ်တလန့်ဖြစ်မှာ ကြောက်လို့ အသိပေးတာတွေ လုပ်ပြီး အန္တရာယ်ကင်းတဲ့ နေရာကို ရွေးချယ်ပြီး ဖောက်ခွဲခဲ့တာပါ။”
အခု ဖောက်ခွဲရှင်းလင်းမှု့ကို ဗိုလ်သူရိန် ဦးဆောင်ပြီး တော်လှန်ရေးညီနောင်တွေ ပူးပေါင်းရှင်းလင်းခဲ့တာလို့ သိရပါတယ်။
အဆိုပါ စစ်လက်နက် ဗုံးသီးတွေ တွေ့ရှိရာနေရာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူကာကွယ်ရေးတပ်တို့ ဖေဖော်ဝါရီ ၂၂ ရက်က တိုက်ပွဲပြင်းထန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။










