DVB Logo
Home
မြန်မာသတင်း
ရွှေတောင် စစ်ဆေးရုံတွင် ဒဏ်ရာရစစ်သား များနေသဖြင့် ပြည်မြို့ ပရဟိတအဖွဲ့များကို ရန်ကုန်သို့ အလှည့်ကျပို့ခိုင်း
DVB
·
February 25, 2025
ရွှေတောင် စစ်ဆေးရုံတွင် ဒဏ်ရာရစစ်သား များနေသဖြင့် ပြည်မြို့ ပရဟိတအဖွဲ့များကို ရန်ကုန်သို့ အလှည့်ကျပို့ခိုင်း
Donate to DVB

စစ်ကောင်စီ ဒေသကွပ်ကဲရေးစစ်ဌာန(ဒကစ)မှူးက ပြည်ခရိုင်၊ ရွှေတောင်မြို့၊ ခုတင် ၁၀၀ စစ်ဆေးရုံမှ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအား ရန်ကုန်ကို အလှည့်ကျ ပို့ဆောင်ခိုင်းတာကြောင့် ပြည်မြို့အတွင်းရှိ ပရဟိတအသင်းအဖွဲ့တွေ အခက်အခဲ ကြုံနေကြပါတယ်။

ရွှေတောင် ခုတင် ၁၀၀ စစ်ဆေးရုံမှာ ရခိုင်ပြည်နယ်စစ်ပွဲတွေအတွင်း ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ များပြားနေတဲ့အတွက် ပြည်မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့တွေကို လူနာတင်ယာဉ်နဲ့ အလှည့်ကျပို့ဆောင်ဖို့ ဒေသကွပ်ကဲရေးစစ်ဌာန(ဒကစ)မှူးက ဖေဖော်ဝါရီ ၂၄ ရက်မှာ အစည်းအဝေးခေါ်ကာ အသိပေးခဲ့တယ်လို့ လူမှုကူညီရေးအသင်းသားတယောက်က ပြောပါတယ်။ 

”အသင်းအားလုံးကို ခေါ်တယ်၊ အားလုံး အလှည့်ကျပို့ပေးရမယ်၊ ဆီဖိုး ၁ သိန်းခွဲပေးမယ် ပြောတယ်” လို့ DVB ကို ပြောပါတယ်။

ပြည်-ရန်ကုန် ခရီးမိုင် ၁၇၉ မိုင်ရှိပြီး စက်သုံးဆီနဲ့ ကားပြင်စရိတ် ကုန်ကျမှု ၃ သိန်းဝန်းကျင်ရှိပေမဲ့ စစ်ကောင်စီက တသိန်းခွဲသာ ပေးပြီး ပို့ဆောင်ခိုင်းနေတာကြောင့် အခက်အခဲကြုံနေကြတာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်က ရွှေတောင်မြို့၊ ခုတင် ၁၀၀ စစ်ဆေးရုံမှာ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ များပြားနေတဲ့အတွက် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းလည်း အားပေးစကား လာရောက်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းကတည်းက ပဲခူးတိုင်း ကို စတင်ဝင်ရောက်တိုက်ခိုက်နေကြတာဖြစ်ပြီး မိုးထိတောင်၊ ပန်းကန်ကွဲနဲ့ နတ်စင်ကုန်းစခန်းတွေကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်မှာလည်း ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့အနီး အမှတ်(၆) ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံနဲ့ ၁၂ မိုင်ဝန်းကျင်သာ ကွာဝေးတဲ့ နတ်စင်ကုန်းစခန်းနဲ့ တာဝါတိုင်စခန်းတို့ကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီး ညောင်းကျိုးကျေးရွာမှာရှိတဲ့ တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အာရက္ခတပ်တော်ဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) အပါအဝင် ရခိုင်က မြို့နယ် ၁၅ ခုကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့ကို မဟာမိတ်တပ်တို့နဲ့အတူ တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး များနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013