DVB Logo
Home
Lead Story
စစ်ကောင်စီအစွယ် ဘယ်လို လှန်ချိုးကြမလဲ
DVB
·
February 25, 2025
စစ်ကောင်စီအစွယ် ဘယ်လို လှန်ချိုးကြမလဲ
Donate to DVB

အသက်ကို ဉာဏ်စောင့်တယ်ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို အခုမှ သေချာခံစား နားလည်မိတယ်လို့ ရန်ကုန်မြို့သား အသက် ၅၀ ကျော်အရွယ် ကျနော့် သူငယ်ချင်းက စကားပလ္လင်မခံ၊ နိဒါန်းမဆင်ဘဲ ကျနော့် မက်ဆင်ဂျာထဲ စာလှမ်းပို့လိုက်တယ်။

ရဲစခန်းနဲ့ စစ်တပ်အခြေစိုက်နေရာတွေကို ဝေးဝေးက ရှောင်တာ ကိုယ့်အကြောက်လွန်နေတာ မဟုတ်ဘူးလို့ ထပ်ဆိုမှ သူငယ်ချင်း ဘာပြောချင်နေသလဲဆိုတာ ခပ်ရေးရေး သဘောပေါက်မိတယ်။ ပြီးတော့ ရော…အဲဒီမှာကြည့်ဆိုတဲ့ စာသားနဲ့အတူ ဖေဖော်ဝါရီ ၁၉ ရက်၊ မြန်မာမီဒီယာပလက်ဖောင်းတခုပေါ်မှာ ဖော်ပြခဲ့တဲ့ သတင်းတပုဒ်။

သူငယ်ချင်းပို့လိုက်တဲ့ သတင်းကို ဖတ်ကြည့်တော့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံ ဘက်ပြောင်းခိုလှုံလာတဲ့ အဓမ္မစစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တယောက်ရဲ့ သတင်း။ အဲဒီတပ်သားသစ်က ဧရာဝတီတိုင်း၊ ကန်ကြီးဒေါင့်မြို့သား။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ မူးမူးနဲ့ ရဲနဲ့ စကားများတယ်။ ရဲက စခန်းရောက်မှရှင်းဆိုပြီး ချော့မော့ခေါ်သွားပြီးနောက် ရဲစခန်းရောက်တော့ အချုပ်ထဲထည့်၊ အချုပ်ထဲကနေ စစ်မှုထမ်းသင်တန်း ရောက်ကာ တပ်သားသစ် ဖြစ်ခဲ့။

စစ်မှုထမ်းသင်တန်းမှာ သူ တွေ့ခဲ့တဲ့ လူငယ်တစ်ယောက်က ဖုန်းပျောက်သွားလို့ဆိုပြီး ရဲစခန်း သွားတိုင်တာ လာအလုပ်ရှုပ်တယ်ဆိုပြီး အချုပ်ထဲ ဆွဲထည့်ပြီးနောက် စစ်မှုထမ်းသင်တန်း အပို့ခံခဲ့ရတယ်လို့လည်း ဆိုတယ်။

အဲဒီသတင်းကို ဖတ်နေခိုက် စာရိုက်ပြောရတာ အားမရတဲ့ ကျနော့်သူငယ်ချင်း မက်ဆင်ဂျာကနေ ဖုန်းလှမ်းဆက်ပြန်တယ်။

“ဘယ်လောက်ရင်နာစရာကောင်းသလဲကွာ။ ဖုန်းပျောက်လို့ ရဲစခန်းကို အားကိုးတကြီးသွားတိုင်တာ စစ်မှုထမ်းထဲ ဆွဲထည့်ခံရတယ်ကွာ” တဲ့။ တကယ့်ကို နာနာကျင်ကျင် ခံရခက်လှတဲ့အသံမျိုးနဲ့ ကျနော့်သူငယ်ချင်း။

၂၀၂၄ နှစ်ကုန်ပိုင်းက ကျနော့်သူငယ်ချင်းရဲ့ မိတ်ဆွေတဦး ရန်ကုန်မြို့စွန်တစ်နေရာမှာ လူရောကား ပါ ပျောက်ဆုံးသွားတယ်။ ရှေ့မှာ ကားတွေကို စစ်တပ်က စစ်နေကြောင်း ပျောက်ဆုံးသွားသူက သူ့အိမ်ဆီ ဖုန်းဆက် ပြောပြီးနောက် ဒီနေ့ထိတိုင် အစအန ရှာမရတော့တာကြောင့် စစ်တပ်ဖမ်းသွားတာ သေချာ။ အဲဒီလူက အသက် ၅၅ နှစ် ဝန်းကျင်ဆိုပေမဲ့ ကောင်းကောင်းစားနိုင်ပြီး အားကစားလည်းလုပ်၊ ဆံပင်လည်း ဆေးဆိုးထားတာကြောင့် မသိရင် အသက် ၄၀ ကျော်အရွယ် တောင့်တောင့်တင်းတင်းနဲ့ ကျန်းမာရေးကောင်းသူတယောက်လို့ ထင်ရ။ စစ်မှုထမ်းထဲပဲ ပါသွားတာလား၊ စစ်တပ်က သတ်ပြီး ကားသိမ်းလိုက်တာလားဆိုတာ ဒီနေ့ထိ မသဲကွဲသေး။ 

ကျနော့်သူငယ်ချင်းက အဲဒီသတင်းကြားပြီးကတည်းက သတိကြီးကြီးထား၊ ရဲစခန်းနဲ့ စစ်သားတွေနား ဝေးဝေးကနေ ရှောင်။ အသက်ကို ဉာဏ်စောင့်တယ်၊ အသက် ၅၀ ကျော်လည်း စစ်တပ်ထဲ ရောက်သွားနိုင်တယ်လို့ သူငယ်ချင်းက မကြာခ ဏဆိုတယ်။ ထားတော့။

ဖေဖော်ဝါရီ ၁၉ ရက်မှာပဲ မီဒီယာပလက်ဖောင်းပေါ် နောက်ထပ်သတင်း ၃ ပုဒ် ထပ်ဖတ်ရတယ်။ ဖေဖော်ဝါရီ ၁၇ ရက်မှာ သထုံအမြောက်တပ်က စစ်မှုထမ်းသင်တန်းဆင်း တပ်သားတဦး လက်နက်ခဲယမ်းယူဆောင်လာကာ သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့ထံ အလင်းဝင်လာတယ်တဲ့။ လက်နက်နဲ့အလင်းဝင်လာတာ ဘာမှမထူး ဆန်းပေမဲ့ ထူးဆန်းတာက အဲဒီတပ်သားဟာ ထိုင်းမှာ ရဲအဖမ်းခံရပြီးနောက် မြန်မာနိုင်ငံ ပြန်ပို့ခံရ။ မြန်မာနိုင်ငံထဲ ရောက်တော့ စစ်မှုထမ်းသင်တန်း အပို့ခံရပြီး စစ်တပ်ထဲ ရောက်ခဲ့ခြင်းပါပဲ။ ဆိုတော့ အဲဒီသတင်းက ထိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရပြီး မြန်မာဘက် ပြန်လွှဲခံရသူတွေ စစ်မှုထမ်းထဲ အဓမ္မအပို့ခံနေရကြောင်း ခိုင်လုံတဲ့ သက်သေတရပ်။

နောက်သတင်းတပုဒ်က ဖေဖော်ဝါရီ ၁၈ ရက်၊ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်၊ Sangkla Buri မှာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၁၆ ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်တဲ့သတင်း။ အမျိုးသမီး ၄၄ ဦး၊ ကလေး ၂ ဦးနဲ့ အမျိုးသား ၇၀။ သတင်းဓာတ်ပုံကို ဖြဲကြည့်လိုက်တော့ ကျားရော မပါ လူငယ်တွေချည်း။ စစ်တပ်က စစ်မှုထမ်းဆင့်ခေါ်နေတာကြောင့် ရှောင်ပြေးလာကြတာလို့ ဖမ်းဆီးခံမြန်မာတွေက ထွက်ဆိုကြတယ်။ သူတို့က ပွဲစားကို ထိုင်းဘတ်ငွေ ၁၈,၀၀၀ ကနေ ၂၀,၀၀၀အထိ ပေးပြီး ဘန်ကောက်နဲ့ မလေးရှားမှာ အလုပ်သွားလုပ်ဖို့ အောက်လမ်းကနေ ခိုးဝင်လာကြတာတဲ့။

ဖမ်းမိတဲ့ တရားမဝင်မြန်မာတွေကို ထိုင်းအစိုးရက မြန်မာဘက် ပြန်လွှဲလေ့ရှိသလို စစ်မှုထမ်းသင်တန်းတွေ စတင်ကတည်းက မြန်မာဘက်ပြန်လွှဲခံရတဲ့သူတွေကို စစ်တပ်က ပိုက်ဆံပေးနိုင်ရင်ပေး၊ မပေးနိုင်ရင် စစ်မှုထမ်းထဲ ပို့နေတဲ့အကြောင်း သတင်းတွေ မကြာခဏ ဖတ်ခဲ့ဖူးတယ်။ ဆိုတော့၊ အခု ထိုင်းမှာ ဖမ်းဆီးခံရတဲ့ မြန်မာ ၁၁၆ ဦးလည်း မြန်မာဘက်ပြန်လွှဲခံရရင် စစ်မှုထမ်းထဲ သွတ်သွင်းခံရနိုင်တယ်ဆိုတာလည်း ရဲရဲတင်းတင်း ဆက် တွေးရပါတော့မယ်။ 

တွေးရုံနဲ့လည်း မပြီးပါဘူး။ NUG အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ အခုအဖမ်းခံရတဲ့လူ ငယ်တွေနဲ့ နောက်ထပ်ဖမ်းဆီးခံရနိုင်ခြေရှိတဲ့ မြန်မာလူငယ်တွေကို စစ်တပ်လက်ထဲ မရောက်အောင် ဘယ်လို ကယ်ထုတ်ကြမလဲဆိုတဲ့ လုပ်ငန်းစဉ်ကိုလည်း အလျင်အမြန်စဉ်းစားကြဖို့လိုပါမယ်။ အခုလို ထိုင်းနိုင်ငံထဲ တရားမဝင်ဝင်ရောက်လာပြီး ဖမ်းဆီးခံရတဲ့လူငယ်တွေကို မြန်မာဘက်ပြန်လွှဲရင် စစ်တပ်က စစ်မှုထမ်းအဖြစ်အဓမ္မ သွတ်သွင်းနေတာကို နိုင်ငံတကာအသိုင်းအဝိုင်းကြား အရေးကြီးဖြစ်စဉ်တစ်ရပ်အနေနဲ့ ကျယ်ကျယ်ပြန်ပြန့်သိရှိဖို့၊ အာဆီယံကိုလည်း တရားဝင်ပြောဆိုမှုတွေလုပ်ဖို့၊ ထိုင်းမှာ အဖမ်းခံရတဲ့ မြန်မာလူငယ်တွေကို စစ်ကောင်စီထံ ပြန်မလွှဲဖို့ နိုင်ငံတကာအသိုက်အဝန်း နဲ့ အာဆီယံတို့ရဲ့ ဖိအားနဲ့ ထိုင်းအစိုးရကို မေတ္တာရပ်ဖို့၊ ဖမ်းဆီးခံလူငယ်တွေကို တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ပြန်လည်လက်ခံနိုင်ရေး ဆောင်ရွက်ဖို့၊ ဒီဖြစ်စဉ်တွေအပေါ် နိုင်ငံတကာ နဲ့ အာဆီယံတို့က လျစ်လျူရှုခဲ့ရင်လည်း အတိအလင်းဖွင့်ချဖို့နဲ့ မြို့ပြရောကျေးလက်မှာပါ စစ်တပ်က ပြောင်ပြောင် တင်းတင်း ပေါ်တာဆွဲနေမှု စတာတွေကို NUGအစိုးရအနေနဲ့ နိုင်ငံတကာအသိုက်အဝန်းကြား အကျယ်ပြန့်ဆုံးဖြစ်အောင် နည်းလမ်းစုံသုံးဖို့ လိုနေပါပြီ။

စစ်မှုထမ်းနဲ့ပတ်သက်တဲ့ နောက်ထပ်သတင်းတပုဒ်က ဖေဖော်ဝါရီ၁၉ရက် DVB ဖော်ပြချက်။ တလနီးပါး ဖြစ်နေတဲ့ ရှမ်း-ကရင် နီနယ်စပ် မိုးဗြဲတိုက်ပွဲမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၁၀၀ နီးပါး တော်လှန် ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်လာခြင်းပါပဲ။ အချိန်ကာလ တလတောင်မကြာသေးတဲ့အချိန် မိုးဗြဲတစ်နေရာတည်း မှာပဲ တပ်သားသစ် ၁၀၀ နီးပါး အလင်းဝင်လာတာ အင်မတန်များတဲ့ အရေအတွက်ပါပဲ။ ၂၀၂၄ နှစ်ကုန်ပိုင်းကစလို့ ဒီနေ့ထိတိုင် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေ မြန်မာနိုင်ငံတဝန်းက တော်လှန်ရေးအင်အားစုတွေဆီ အလင်းဝင်လာတဲ့သတင်းကိုလည်း တောက်လျှောက်တွေ့နေရပါတယ်။

စိတ်ချရတဲ့ စစ်တမ်းတရပ် ထွက်မလာသေးပေမဲ့ စစ်မှုထမ်းသင်တန်းတက်ရတဲ့ လူငယ်စုစုပေါင်းရဲ့ ရာ ခိုင်နှုန်း ၉၀ ကျော်ဟာ အဓမ္မသွတ်သွင်းခံရတာ သိပ်သေချာပါတယ်။ ဒါ့အပြင် အဲဒီရာခိုင်နှုန်း ၉၀ ကျော်ဟာ အရပ်သား ဘဝမှာကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်အခိုင်အမာမရှိတောင် စစ်တပ် မုန်းတီးမှုအခံ ရှိပြီးသားလူငယ်တွေပါ။ ပြီးတော့ စစ်တပ်ထဲ မရောက်ချင်ဘဲနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ခဲ့တဲ့သူတွေဖြစ်ပြီး သင် တန်းဆင်းဆင်းချင်းမှာပဲ နင်လား ငါလားတိုက်ရတဲ့ ရှေ့တန်းစစ်မြေပြင်ဆီ အပို့ခံရတာကြောင့် သေလမ်းနဲ့အနီးဆုံးမှာ တန်းစီရပ်နေရသလိုပါပဲ။ အဲဒီလို ဘက်ပေါင်းစုံအခြေအနေတွေအရ စစ်မှုထမ်းဆင်း တပ်သားသစ်တွေဟာ ထွက်ပြေးလို့ရမယ့် ယိုပေါက်၊ ဟာပေါက်ကို မပြတ်စောင့်ကြည့်ကာ အခြေအနေပေးတာနဲ့ အလင်းဝင်ကြမှာပါပဲ။
ဒါ့ကြောင့် အရင်ကထက် အလင်းဝင်စစ်သားတွေ များလာတာကို တွေ့လာရတာပါ။ အလင်းဝင်စစ်သား များလာတာနဲ့အမျှ သူတို့ကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ လုပ်ငန်းစဉ် လိုအပ်လာပါပြီ။ ဒီနေ့အထိ NUGနဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေရဲ့ အလင်းဝင်စစ်သားအရေး ဖြေရှင်းနေမှုက လက်နက်ပါလာရင် သတ်မှတ်ဆုငွေ ချီး မြှင့်မယ်။ စစ်တပ်ကို ပြန်တိုက်မယ်ဆို လက်ခံမယ်။ မတိုက်ဘူးဆိုရင် သွားလိုရာကို ပို့ဆောင်ပေးမယ်ဆိုတာ လောက်သာရှိပါတယ်။ ပြောရရင် ဘာလုပ်ငန်းစဉ်မှ မရှိပါဘူး။ အလင်းဝင်စစ်သားတွေ အလင်းဝင်ပြီးရင် ထောက်ပံ့မှု အနည်းငယ်ပေးကာ ကိုယ့်အနာဂတ် ကိုယ့်ဘဝရပ်တည်ရေး ကိုယ့်ဘာသာ အဆင်ပြေသလို ဖြေရှင်းကြဆိုတာမျိုး မျက်နှာလွှဲလိုက်ကြတာပါ။ တခြားနိုင်ငံရဲ့ နယ်စပ်မြို့တွေမှာ တရားမဝင်အဖြစ်နဲ့ ဘဝရပ်တည်ရတာဟာ ကိုယ်ပိုင်ငွေကြေးမပြည့်စုံရင် ဘယ်သူမဆို မသေရုံတမယ်ချည်းပါပဲ။

ဒါ့ကြောင့် အခုလို အလင်းဝင်စစ်သားတွေ သွားလိုရာသွားမဟုတ်ဘဲ စနစ်ကျတဲ့ လုပ်ငန်းစဉ်တရပ်ရှိဖို့ လိုပါတယ်။ အခုဆိုရင် တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့မြို့ ၉၀ ကျော်ရှိပြီမို့ သိမ်းပိုက်နဲ့ ထိန်းချုပ်နယ်မြေတွေမှာ စစ်မတိုက်ချင်တော့တဲ့ အလင်းဝင်စစ်သားနဲ့ ရဲတွေကို နေရာချပေးရေးနဲ့ ရပ်တည်ရေးကိစ္စ စနစ်တကျ အစီအစဉ်တွေ နဲ့ အားထုတ်သင့်ပါတယ်။

နောက်ထပ် အရေးတကြီး လိုအပ်ချက်တရပ်က စစ်ကောင်စီယန္တရား အသက်ဝင်နေတဲ့ ဒေသတွေက လူငယ်တွေကို ကယ်ထုတ်ရေးပဲ ဖြစ်ပါတယ်။ ပိတ်မိနေတဲ့လူငယ်အများစုဟာ PDF အဖြစ်နဲ့ တိုက်ပွဲမဝင်နိုင်ကြပေမဲ့ စစ်ကောင်စီကို လုံးဝလက်မခံတဲ့သူတွေချည်းပါပဲ။ ပြီးတော့ ဒီလူငယ်တွေဟာ ပြေးစရာမြေမရှိလို့ ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိ ငုတ်တုတ်မေ့နေသူတွေပါ။ ဆိုတော့၊ ပြေးစရာမြေရှိရင် ပြေးချင်တဲ့ လူငယ်တွေအတွက် ယာယီခိုလှုံနိုင်တဲ့ ပြေးစရာမြေနဲ့ နောက်တဆင့် သူတို့ရဲ့ရပ်တည်ရေးနဲ့ ရှေ့ဆက်ခရီးအတွက် ချိတ်ဆက်ပံ့ပိုးပေးမှုမျိုး လိုအပ်နေပါတယ်။

ခိုကိုးရာမဲ့လူငယ်တွေနဲ့ ဘက်ပြောင်းလာတဲ့ တပ်သားတွေအရေးဟာ အကြမ်းဖက်စစ်တပ်အင်အား လျှော့ချရေးနဲ့ တိုက်ရိုက်ချိတ်ဆက်နေတာကြောင့် နွေဦးတော်လှန်ရေးအတွက် မဟာဗျူဟာမြောက် အရေးပါပါ တယ်။ ဒါ့ကြောင့် NUG အစိုးရရဲ့ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်၊ စနစ်တကျအစီအစဉ်များ ရေးဆွဲပြီး အမှန်တကယ် အလုပ်လုပ်ကြဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ပါကြောင်း မောင်းခတ်လိုက်ရပါတယ်။

လင်းဆက်ငြိမ်းချမ်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013