DVB Logo
Home
မြန်မာသတင်း
မံစီမြို့က စစ်ဘေးရှောင်များ အမြန်ဆုံး နေရပ်ပြန်နိုင်ရန် မျှော်လင့်
DVB
·
February 25, 2025
မံစီမြို့က စစ်ဘေးရှောင်များ အမြန်ဆုံး နေရပ်ပြန်နိုင်ရန် မျှော်လင့်
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့က စစ်ရှောင်ပြည်သူတွေဟာ  စစ်ဘေးရှောင်နေရတဲ့ အချိန်ကာလ ၉ လထဲ ရောက်လာနေပြီး စားနပ်ရိက္ခာနဲ့ အလုပ်အကိုင်အပါအဝင်  အခက်အခဲမျိုးစုံကြုံနေရတာကြောင့် အမြန်ဆုံး နေရပ်အိမ် ပြန်နေထိုင်နိုင်ဖို့အတွက် မျှော်လင့်နေကြပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ မတ်လအတွင်းက စတင်လိုက်တဲ့ ကချင်ပြည်နယ် ဧရာဝတီမြစ်အရှေ့ခြမ်းက မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဒေသခံပြည်သူ သိန်းချီ ဘေးလွတ်ရာ မြို့တွေနဲ့ ကျေးလက်ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မံစီမြို့နယ်က ပြည်သူတွေဟာ မြို့ပတ်ဝန်းကျင်က တိုက်ပွဲတွေကြောင့် ၂၀၂၄ ခုနှစ် မေလကစပြီး ပြည်သူ ၈,၀၀၀ နဲ့အထက် မံစီမြို့နယ်ထဲက ကျေးရွာတွေမှာ တိမ်းရှောင်နေကြရတာပါ။

မံစီမြို့ပတ်ဝန်းကျင်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ အချိန်ကစပြီး ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့တဲ့အထဲ ဦးမရန်တို့ မိသားစုလည်း အပါအဝင် ဖြစ်ပါတယ်။

သူတို့မိသားစုဟာ မြို့ပြင်က လယ်တဲမှာ သွားရောက်တိမ်းရှောင်နေခဲ့ရာကနေ မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်လာနေသလို စစ်ကောင်စီဘက်ကလည်း မြို့ပတ်ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် ဦးမရန်တို့ မိသားစု လုံခြုံတဲ့နေရာကို ထပ်မံပြီး တိမ်းရှောင်နေထိုင်ခဲ့ရကာ နေအိမ်ကနေ စွန့်ခွာလာတာ ၉ လထဲ ရောက်လာပြီလို့ အမျိုးသမီးဖြစ်သူက ပြောပါတယ်။

“ကျမတို့ စစ်ရှောင်ခဲ့တာက ၅ လပိုင်း ၇ ရက်နေ့က စစ်ပြေးခဲ့တယ်။ စစ်ပြေးခဲ့ပြီးမှ လယ်တောမှာ မိုးကာတွေနဲ့အုပ်ပြီး ‌ချောင်ကြိုချောင်ကြားမှာ သွားနေခဲ့တယ်။ အဲလိုနေနေတော့ လေယာဉ်တွေ လာလာဝဲတော့ ကျမယောကျ်ားရဲ့ ယောက်ဖတို့နေတဲ့ လယ်တောနားမှာ ဗုံးလာချတာနဲ့ ဒီကို ပြန်ထွက်ပြေးခဲ့တာ။”

မံစီမြို့နဲ့ မြို့အနီးက ခလရ ၃၁၉၊ ၆၀၁ တပ်စခန်းတွေကို KIA က ဖေဖော်ဝါရီ ၈ ရက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တာကြောင့် မံစီမြို့ဟာ စစ်ကောင်စီကင်းစင်တဲ့မြို့ ဖြစ်လာပါတယ်။

မံစီမြို့က ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပြည်သူတွေက တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိင်သေးတာ ၉ လကျော် ရှိလာပါပြီ။ မံစီမြို့ဟာ စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သွားပေမဲ့ နေရပ်ပြန်နိုင်ဖို့တော့ လုံခြုံရေး အခြေအနေတွေကြောင့် အခက်အခဲ ရှိနေပါတယ်။

ဦးမရန်တို့လင်မယားက တိုက်ပွဲမရှိတဲ့ အရင်နှစ်တွေမှာ မံစီမြို့နားမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်ခဲ့ပြီးတော့ အခုနှစ် စပါးစိုက်ချိန် မိုးရာသီမှာတော့ နေရပ်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်တာကြောင့် တိမ်းရှောင်နေတဲ့ ဒေသမှာပဲ လယ်အငှားလုပ်ကိုင်ပြီး နေထိုင်ခဲ့တယ်လို့ ဦးမရန်က ပြောပါတယ်။

“လုပ်မယ်ဆိုတော့လည်း နေရာမရှိ။ အခု ဒီမှာက ကျနော့်အမျိုးတွေ လယ်ရှိတယ်ဆိုပြီး လုပ်ချင်ရင် လုပ်ကြပါဆိုပြီး လုပ်ခိုင်းတယ်။ တောင်ယာတွေ ဘာတွေခုတ်၊ လယ်တွေဘာတွေလုပ် သန့်ရှင်းရေးတွေလုပ်ပြီး အဲ့မှာနေတယ်။”

မံစီမြို့နဲ့ မံစီမြို့နယ်ရဲစခန်းကို KIA က မေ ၁၃ ရက်မှာ သိမ်းပိုက်ရရှိထားတာဖြစ်ပြီး မံစီမြို့နားက ခမရ ၆၀၁ နဲ့ ၃၁၇ တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်ခဲ့ပြီးနောက် ဝိုင်းဝန်းပိတ်ဆို့ထားပြီးတော့ ၈ လအကြာမှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာပါ။

လက်ရှိ မံစီမြို့အနီးက ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေ ရှိနေသေးတာကြောင့် မံစီမြို့က ပြည်သူတွေဟာ နေရပ်ပြန်ပြီး နေထိုင်နိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီတပ်စန်းတွေ ကင်းစင်သွားတာကြောင့် အကန့်အသတ်နဲ့ နေအိမ်တွေကို သွားရောက်ကြည့်ရှုရင်း လိုအပ်တဲ့ပစ္စည်းတွေ ယူဆောင်ခွင့်ရကြတယ်လို့ ဦးမရန်က ပြောပြပါတယ်။

“အခုက ပြန်လို့ရပါတယ်။ ပြန်လို့ရတယ် ဆိုပေမဲ့လည်း အသွားအပြန်ပေါ့။ ကိုယ့်အိမ်ကိုသွားပြီး ယူစရာရှိတာယူပြီး ပြန်လာ။ အိပ်တော့ မအိပ်ခိုင်းဘူး။ သေနတ်အသံက ဘာမှမကြားတော့ဘူး၊ ဒီ မံစီမှာဆိုရင်။”

မံစီမြို့နဲ့ မြို့ပတ်ဝန်းကျင်မှာ သစ်ပင်တွေကအစ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျိုးကျပျက်စီးနေပြီး နေအိမ်အများအပြားလည်း လက်နက်ကြီးဒဏ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြိုကျပျက်စီးနေတယ်လို့ ဆိုပါတယ်။

သူတို့မိသားစုနေအိမ်ကတော့ ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ပေမဲ့ အစ်မဖြစ်သူ နေအိမ်ကတော့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဒဏ်ကြောင့် ထိခိုက်ပျက်စီးနေတာကို တွေ့ရတယ်လို့ ဒေါ်ခေါန်က ပြောပြပါတယ်။

“အစ်မတို့အိမ် ဟုတ်တယ်။ ဇွန်လပိုင်းပေါ့ ထိသွားတာ။ လေယာဉ်ဗုံးနဲ့ ထိသွားတယ်။ အခုက သူတို့က အိမ်ရှင်တွေက အမတွေက မိုင်းခေါင် ဟိုဘက်မှာ စစ်ပြေးသွားနေကြတယ်။ အိမ်က ပျက်စီးကုန်ပြီ။ အိမ်က တအားကို စုတ်ပြတ်သွားပြီ။”

ဒေါ်ခေါန်ရဲ့ အစ်မနေအိမ် အပါအဝင် ဘေးပတ်ဝန်းကျင်က နေအိမ်တွေလည်း လေယာဉ်ဗုံးဒဏ်ကြောင့် ပြန်ပြင်ဖို့ ခက်လောက်အောင် ပျက်စီးနေတာကို တွေ့ရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဆွေမျိုးအိမ်တွေကိုလည်း ဦးမရန်တို့ လင်မယားက သွားရောက် ကြည့်ရှုခဲ့ပါတယ်။

“တချို့အိမ်တွေက ရစရာကို မရှိတော့ဘူး။ တချို့အိမ်တွေဆို အကုန်လုံး ဘာမှကို မကျန်တာ။ အိမ်တိုင် ဒါပဲရှိတော့တာ။ မီးလောင်ကုန်တာ။ တချို့အိမ်တွေတော့ အပေါ်က သွပ်တွေလောက်ပဲ ဖြစ်တာ။ အိမ်က ၁၀၀ ကျော်နီးပါးလောက်ဖြစ်မယ် ပျက်စီးတာ။”

လက်ရှိ ဗန်းမော်ခရိုင်ထဲမှာ စားသောက်ကုန်တွေနဲ့ ဆေးဝါးဈေးနှုန်းတွေလည်း ၁၀ ဆနီးပါး မြင့်တက်နေတယ်လို့ သိရပါတယ်။

ဦးမရန်တို့မိသားစု တိမ်းရှောင်နေထိုင်တဲ့ကာလ ကြာမြင့်လာတာကြောင့် နေအိမ်ကနေ ယူဆောင်လာတဲ့ စားနပ်ရိက္ခာတွေလည်း နည်းပါးလာနေပြီး အငှားလုပ်ကိုင်ထားတဲ့ လယ်ယာလုပ်ငန်းက ရရှိငွေနဲ့ ရပ်တည်နေရပေမဲ့ အပိုဝင်ငွေမရှိတာကြောင့် ဝမ်းရေးအတွက် ချေးငှားပြီး ရပ်တည်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူ အများပြား တိမ်းရှောင်နေတဲ့ မံစီမြို့နယ်က ကျေးရွာအများစုမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးနေပြီးတော့ ဝင်ငွေနဲ့ ထွက်ငွေ မညီမျှတာတွေကြောင့် စားဝတ်နေရေးအတွက်လည်း အခက်အခဲဖြစ်နေကြပြီး နေရပ်အိမ်ပြန်ခွင့်ရမယ့်နေ့ကို မျှော်လင့်နေကြပါတယ်။

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013