DVB Logo
Home
မြန်မာသတင်း
လေကြောင်းနှင့် လက်နက်ကြီးကြောင့် စစ်တွေအနီး မြို့နယ် ၃ ခုက ဒေသခံများ စစ်ဘေးရှောင်
DVB
·
February 24, 2025
လေကြောင်းနှင့် လက်နက်ကြီးကြောင့် စစ်တွေအနီး မြို့နယ် ၃ ခုက ဒေသခံများ စစ်ဘေးရှောင်
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်ရှိ ဒေသခံတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးရန်နဲ့ လေကြောင်းရန်ကို စိုးရိမ်ပြီး ဘေးလွတ်ရာမှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ဖေဖော်ဝါရီလ ပထမအပတ်က စတင်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ဒါကြောင့် စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်ရင်း ၊ တပ်စခန်းတွေကနေ စစ်တွေမြို့နယ်နဲ့ အနီးတဝိုက် မြို့နယ်တွေက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်သန်း ပစ်ခတ်တာတွေ၊ လေကြောင်းကနေ လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်မှာ စစ်ကောင်စီက စစ်တွေမြို့ရဲ့ တဘက်ကမ်းမှာ တည်ရှိတဲ့ ပေါက်တောတမြို့နယ်လုံးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံးရေ ၅၀ ထက်မနည်း ကြဲချခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၄ ယောက် သေဆုံးကာ ၂၀ ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

ပေါက်တောဒေသခံတယောက်က “ပေါက်တောမြို့နယ်မှာ တမြို့နယ်လုံးကို စစ်ကောင်စီက ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံတွေက ထွက်ပြေးနေရတဲ့အခြေအနေမှာ ရှိနေပါတယ်။ နောက်ကျေးရွာတွေကဒေသခံတွေကလည်း ဗုံးကြဲမှာကို စိုးရိမ်တဲ့အတွက် ဗုံးခိုကျင်း လုပ်ပြီးတော့ နေရတဲ့အနေအထားမှာ ဖြစ်နေပါတယ်”လို့ ပြောပါတယ်။

ဒါကြောင့် ပေါက်တောမြို့နယ်က မြေငူကျွန်း၊ ငပြီကျွန်း၊ တောင်ရင်းကျွန်း၊ ကျောက်တောင်၊ သဲခုံ၊ ဆင်တက်မော်၊ အနောက်ရဲရွာစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းရန်၊ လက်နက်ကြီးရန်ကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ရှောင်တိမ်းနေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ စစ်တွေမြို့နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတချို့ကို စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး ပစ်ခတ်တာတွေ၊ လေကြောင်း ပစ်ခတ်မှုတွေကြောင့် ဒေသခံတချို့ဟာ ဘေးလွတ်ရာမှာ ရှောင်တိမ်းနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

“လက်ရှိကတော့ စစ်တွေမြို့နယ်နဲ့ အနီးတဝိုက် လွတ်ကင်းရာကို တိမ်းရှောင်နေတာရှိတယ်၊ စစ်ကောင်စီရဲ့ တပ်ရင်းတွေကနေ လက်နက်ကြီး ပစ်ခတ်လို့ မရောက်နိုင်တဲ့နေရာထိပေါ့။ ရှောင်တိမ်းနေကြတဲ့ သူတွေအများကြီးရှိနေပါတယ်။ လက်နက်ကြီးရော နောက်ပြီး ဒီလေကြောင်းကနေ‌ရော အန္တရာယ်ကျရောက်တဲ့ အခြေအနေတခုမှာ လက်ရှိက အန္တရာယ်များတဲ့ အနေအထားပေါ့၊ စစ်တွေတိုက်ပွဲ အခြေအနေက ဘယ်အချိန်ပိုပြီးတော့ စစ်ရေးက ပြင်းထန်လာမလဲမသိဘူးဆိုတော့ ခန့်မှန်းပြီးတော့မှ ဒီနေရာနေလို့ အဆင်ပြေတယ် မပြေဘူးဆိုပြီး အသက်အန္တရာယ်ကင်းကင်းနဲ့ ဖြတ်သန်းနိုင်အောင် တိမ်းရှောင်နေကြရတာပေါ့နော်။ တော်တော်လေးကို သတိထားပြီးတော့ နေရတဲ့အနေအထားပါ။”

စစ်တွေမြို့နယ်မှာ တိုက်ပွဲပြင်းထန်လာပြီးနောက် ပုဏ္ကားကျွန်းမြိုနယ်က ကွမ်းတောင်၊ ဆင်အင်း ကြီး၊ အိုင်ဒင်၊ ပဒေသာစတဲ့ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်း ဒေသခံတွေဟာ ဘေးလွတ်ရာကျေးရွာ တွေမှာ စစ်ဘေးတိမ်းရှောင်နေကြရတာပါ။

ဒါ့အပြင် ရသေ့တောင်မြို့နယ်က ကျေးရွာတချို့ကလည်း စစ်တွေမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတယ်လို့ ဒေသခံတွေ ကပြော ပါတယ်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို အာရက္ခတပ်တော် (AA)  သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့ ၃ မြို့နယ်ထဲက စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေကိုတော့ ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013