DVB Logo
Home
နိုင်ငံတကာ
မျိုးဆက် ၁၀ ဆက် ကြွေးဆပ်ရမည့် စာချုပ်မျိုး ထရမ့်ပ်နှင့် မချုပ်နိုင်ဟု ဇလန်းစကီး ပြော
DVB
·
February 24, 2025
မျိုးဆက် ၁၀ ဆက် ကြွေးဆပ်ရမည့် စာချုပ်မျိုး ထရမ့်ပ်နှင့် မချုပ်နိုင်ဟု ဇလန်းစကီး ပြော
Donate to DVB

မျိုးဆက် ၁၀ ဆက် ကြွေးဆပ်ရမယ့် သဘောတူစာချုပ်မျိုး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ချုပ်ဆိုသွားမှာ မဟုတ်ဘူးလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောလိုက်ပါတယ်။

အကယ်၍ သူထွက်ပေးမှ ငြိမ်းချမ်းရေးရမယ် ဆိုရင်လည်း ထွက်ပေးဖို့ အသင့်ပဲလို့ ဖေဖော်ဝါရီ ၂၃ ရက်က ပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ NATO အဖွဲ့ဝင်ဖြစ်ဖို့ သမ္မတရာထူးနေရာနဲ့ လဲရမယ်ဆိုရင်လည်း ချက်ချင်းလဲနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ယူကရိန်းဟာ ဂျိုးဘိုင်ဒင် လက်ထက်တုန်းက ရခဲ့ပြီးဖြစ်တဲ့ အကူအညီတွေအတွက် ပြန်ပေးတဲ့အနေနဲ့ အရေးကြီးတဲ့ မြေရှားနဲ့ တခြားသယံဇာတတွေ ဒေါ်လာ ၅၀၀ ဘီလီယံဖိုး ပြန်ပေးရမယ်လို့ ထရမ့်ပ်က တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

ဘိုင်ဒင် လက်ထက်က ပေးခဲ့တာတွေဟာ အထောက်အပံ့ (ဂရန့်) တွေဖြစ်ပြီး ကြွေးမဟုတ်ဘူးလို့ ကိယက်ဗ်မြို့တော်မှာ ကျင်းပတဲ့ Year 2025 ဖိုရမ်မှာ ယူကရိန်းသမ္မတက တုံ့ပြန်ခဲ့ပါတယ်။

ဂျိုးဘိုင်ဒင်လက်ထက်က ယူကရိန်းကို ထောက်ပံ့တာဟာ ဒေါ်လာ ၁၀၀ ဘီလီယံလောက်ပဲ ရှိတာကြောင့် ဒေါ်လာ ၅၀၀ ဘီလီယံဖိုး သယံဇာတ ပြန်ပေးရမယ်ဆိုတဲ့ ကိစ္စကို အသိအမှတ် မပြုဘူးလို့လည်း ဆိုပါတယ်။

ထောက်ပံ့ခဲ့တာတွေကို ကြွေးလို့သတ်မှတ်လို့မရသလို ဘယ်သဘောတူညီချက်မဆို လုံခြုံရေးအာမခံချက် ပါရမယ်လို့ ဇလန်းစကီးက တောင်းဆိုပါတယ်။

“ယူကရိန်းမျိုးဆက် ၁၀ ဆက် ပေးဆပ်ရမယ့်ဟာမျိုးကို လက်မှတ်ထိုးမှာ မဟုတ်ပါဘူး” လို့ ဇလန်းစကီးက ပြောကြားခဲ့ပြီး ထရမ့်ပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့တော့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

ထရမ့်ပ်အစိုးရက ကနဦး အဆိုပြုတာမှာ တွင်းထွက်သတ္တု၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အပါအဝင် ယူကရိန်း သဘာဝသယံဇာတတွေသာမက အရေးပါတဲ့ အခြေခံအဆောက်အအုံနဲ့ ဆိပ်ကမ်းတွေကိုပါ ၅၀ ရာခိုင်နှုန်း လိုချင်တာလို့ ဆိုပါတယ်။

ဘာဖြစ်မယ်ဆိုတာ မသိဘဲနဲ့ ၅၀/၅၀ ခွဲဖို့ ယူကရိန်းဘက်က အသင့်မဖြစ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် နောင်ပေးမယ့် အမေရိကန် အကူအညီတွေကိုလည်း ၁ ချိုး - ၂ ချိုး အတိုးနဲ့ ပြန်ဆပ်ရမယ်လို့ ပြောထားကြောင်း ဖွင့်ချပါတယ်။

အမေရိကန်တဒေါ်လာ ပေးတိုင်းမှာ ယူကရိန်းက နှစ်ဒေါ်လာ ပြန်ဆပ်ရမယ်ဆိုတော့ ရှင်းအောင်ပြောရရင် ချေးငွေရဲ့ ၁၀၀ ရာခိုင်နှုန်း အတိုးပေးရမလို ဖြစ်နေပါတယ်လို့ ဇလန်းစကီးက ဆိုပါတယ်။

လက်ရှိ အမေရိကန်အဆိုပြုချက် အသေးစိတ်ကို လျှို့ဝှက်ထားပေမဲ့ ဒီသဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ထရမ့်ပ်က ဖိအားပေးနေပါတယ်။

ယူကရိန်း တာဝန်ရှိသူတွေဟာ အမေရိကန်နဲ့ညှိဖို့ ကြိုးစားနေတာ နှစ်ပတ်လောက်ရှိပြီဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက် စာချုပ်အပြီးသတ်ဖို့ ကြိုးစားနေတယ်လို့ ယူကရိန်းလွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013