စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲက စစ်ဘေးရှောင်တွေကို အာဟာရဒါနအဖြစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက်က ထမင်းဟင်းနဲ့ စားသောက်ဖွယ်ရာတွေကို ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်းက သွားရောက်ကျွေးမွေး လှူဒါန်းခဲ့တယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေဆီက သိရပါတယ်။
ချင်းတွင်းမြစ်ကမ်းဘေးက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေမှာ စစ်ဘေးရှောင်နေကြရတာဖြစ်ပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အခုလို လှူဒါန်းဖြစ်လို့ ဆိုပါတယ်။
ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်း တာဝန်ခံက “ကျနော်တို့အနေနဲ့ အလှူရှင် ရှိရင်ရှိသလို၊ ရန်ပုံငွေရရင် ရသလို စစ်ရှောင်တွေကို ကူညီတာတွေ လုပ်ပေးနေပါတယ်။ ခုသွားရောက် လှူဒါန်းပေးတဲ့ စစ်ဘေးရှောင်စခန်းက လူတွေကတော့ စစ်ဘေးရှောင်နေကြရတာ ၁ နှစ်ကျော်ရှိပြီ”လို့ DVB ကို ပြောပါတယ်။
ဖေဖော်ဝါရီလအတွင်းမှာ ဆားလင်းကြီးနယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မကြာခဏ ဝင်ရောက်စီးနင်းတာ၊ လူငယ်တွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်လာတာကြောင့် စစ်ဘေးရှောင်သူတွေ ပိုမိုများပြားလာပြီး ချင်းတွင်းမြစ်ကမ်းဘေး ဘေးလွတ်ရာနေရာတွေမှာ စစ်ရှောင်နေရပြီး စစ်ရှောင်ဦးရေ ၁၀၀၀ ကျော်အထိ ရှိနေပြီလို့ ဆိုပါတယ်။
စစ်ရှောင်ကာလ ကြာရှည်လာတာနဲ့အမျှ စားဝတ်နေရေး ပိုမိုခက်ခဲလာတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးက ဝဲကြီးကျေးရွာနဲ့ ဝဲကွဲကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတချို့ထိခိုက် သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဘက်က စက်တပ်လေထီးတွေနဲ့ပါ မကြာခဏ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။