DVB Logo
Home
မြန်မာသတင်း
ဖမ်းဝရမ်းကြောင့် ပြည်ပခရီးထွက်ဖို့ စစ်ခေါင်းဆောင် စိတ်ဖိစီးနေပြီလား
DVB
·
February 22, 2025
ဖမ်းဝရမ်းကြောင့် ပြည်ပခရီးထွက်ဖို့ စစ်ခေါင်းဆောင် စိတ်ဖိစီးနေပြီလား
Donate to DVB

ဒေသတွင်း တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ အာဆီယံနိုင်ငံတွေဟာ အင်တာပိုလ်အဖွဲ့ဝင်နိုင်ငံတွေဖြစ်ပြီး ပြည်ပခရီးစဉ်သွားမယ်ဆိုရင် ကြီးမားတဲ့စိတ်မှုစီးမှုကို စစ်ခေါင်းဆောင်ခံစားရမှာဖြစ်ပါတယ်။ 

အာဂျင်တီးနားတရားရုံးက စစ်ခေါင်းဆောင်အပါအဝင် စစ်တပ်အရာရှိ ၂၂ ယောက်နဲ့ အရပ်သား ၃ ယောက်ကို ဖေဖော်ဝါရီ ဒုတိယအပတ်မှာ ဖမ်းဝရမ်းထုတ်ခဲ့ပြီး လုပ်ငန်းအကောင်အထည်ဖော်ဖို့ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (အင်တာပိုလ်)နဲ့ ချိတ်ဆက်ဆောင်ရွက်နေတာပါ။

အာရှဒေသတွင်းမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံအားလုံးနီးပါးဟာ အင်တာပိုလ်အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်နေတာကြောင့် စစ်ခေါင်းဆောင်တွေဟာ ပြည်ပခရီးစဉ်တွေသွားမယ်ဆိုရင် ကြီးမားတဲ့ စိတ်ဖိစီးမှုကို ခံစားရမှာဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။ 

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းထုတ်ပြန်ချက်မှာ အမှုစစ်ဆေးဖို့အတွက် တရားရုံးမှာလုံလောက်တဲ့အချက်အလက်တွေရှိနေပြီး ချုပ်နှောင်ဖမ်းဆီးစစ်ဆေးဖို့ လိုအပ်တယ်လို့ယူဆတဲ့အတွက် ဝရမ်းထုတ်ပြန်တာလို့ ဖော်ပြထားတာပါ။

ဂျိမ်း(စ်)ရွှေ (Los Angeles Myanmar Movement) က “အင်တာပိုလ်အဖွဲ့ဝင်တွေက တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ပြီးတော့ အာဆီယံ။ စိတ်မထင်ရင် မထင်သလို ဖမ်းလိုက်လို့ရတယ်။ အဲ့ဒီတော့ အနေအထိုင်တော့ တော်တော်ကျပ်သွားမှာပေါ့။ သူတို့ဘယ်နေရာသွားမလဲဆိုတာ တော်တော်ကြီးကို စဉ်းစားရမှာမျိုး ဖြစ်သွားတာပေါ့လေ။ ယိုးဒယားလိုနေရာမျိုးသွားရင်တောင်မှ အင်တာပိုလ်က ဝင်မဖမ်းဘူးပြောနိုင်လား၊ မလေးရှားသွားရင်၊ စင်ကာပူသွားရင် ဝင်မဖမ်းဘူးပြောနိုင်လား။ အင်တာပိုလ်နဲ့ ဆက်သွယ်တဲ့နိုင်ငံတွေ အကုန်လုံးကနေပြီး ဖမ်းခွင့်ရှိတာကိုး။ ဥပဒေအရ မသင်္ကာစရာရှိတယ်ဆိုတာကို အတည်ပြုလိုက်ပြီပေါ့နော်။ အဲ့ဒီတော့ မေးခွန်းမေးဖို့ ထွက်ဆိုမှုယူဖို့အတွက် ဒီလူတွေကို ခေါ်ရမယ်ဆိုပြီးတော့ ၂၅ ယောက်စာရင်းထည့်ထားတာပေါ့။ ရာဇဝတ်မှုတွေက အပြစ်ကြီးလေးတဲ့အတွက် သူတို့ကိုချုပ်နှောင်ပြီးတော့မှ စစ်ဆေးရမယ့် သဘောမျိုးရှိတဲ့အတွက် သူတို့ဖမ်းဆီးဖို့ လိုအပ်တယ်ပေါ့။ အာမခံပေး၏ မပေး၏က သူတို့ဒီထဲမှာမရေးထားဘူး။ သူတို့ရှေ့နေနဲ့ညှိနှိုင်းရမှာပေါ့နော်” လို့ ပြောပါတယ်။

ဝရမ်းထုတ်ခံရသူတွေကို ဖမ်းဆီးရာမှာ နာမည်တူလူတွေကို မှားယွင်းဖမ်းဆီးတာမျိုးမလုပ်မိဖို့နဲ့  ဖမ်းဆီးရာမှာ အချက်အလက်တွေကို သေချာအောင်သတိထားပြင်ဆင်ပြီး သတင်းပြန်ပို့ဖို့ အာဂျင်တီးနားတရားရုံးက ထုတ်ပြန်ချက်မှာ လုပ်ငန်းဖော်ဆောင်သူတွေကို ထည့်သွင်းတိုက်တွန်းထားပါတယ်။ 

ဖမ်းဝရမ်းမှာပါဝင်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်းဦးထင်ကျော်တို့နဲ့ တိုက်ရိုက်ပတ်သက်တဲ့ သီးခြားဖော်ပြချက်တွေကိုတော့ တရားရုံးထုတ်ပြန်ချက်မှာ ထည့်သွင်းထားတာ မတွေ့ရပါဘူး။

BROUK အဖွဲ့ တာဝန်ရှိသူ ဦးထွန်းခင်က “နိုင်ငံတခုကဖြစ်ဖြစ်၊ တရားရုံးတခုကဖြစ်ဖြစ် ဘယ်တုန်းကမှ ဖမ်းဝရမ်းထုတ်ခဲ့တာမရှိဘူး။ ပထမဦးဆုံး ဖမ်းဝရမ်းထုတ်တဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ အင်မတန်မှ ဝမ်းသာတယ်။ အားရတယ်။ ဒီစစ်တပ်က ကင်းလွတ်ခွင့်ဆိုတဲ့ Inpunity ကို ခံစားနေရတယ်။ ဒါက သူတို့အတွက် တော်တော်လေးကို ရိုက်ခတ်မှုတခုဖြစ်လာတယ်လို့ ကျနော်တို့အနေနဲ့ယုံကြည်တယ်။ တကမ္ဘာလုံးမှာရှိနေတဲ့ နိုင်ငံအားလုံးကို အင်တာပိုလ်ကတဆင့် အသိပေးချက် ဖမ်းဝရမ်းရောက်သွားပါလိမ့်မယ်။ တော်တော်လေးကို ဒီစစ်တပ်အတွက် ကျပ်တည်းတဲ့အနေအထားတခုကို ရောက်သွားမယ်။ ပြည်ပကိုထွက်ဖို့တော့ သူတို့အနေနဲ့ လုံးဝမလွယ်ပါဘူးခင်ဗျ” လို့ ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာ ဌာနချုပ်တည်ရှိတဲ့ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (အင်တာပိုလ်) မှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်ထားပြီး နိုင်ငံတကာ နယ်စပ်ဖြတ်ကျော်မှုခင်းတွေနဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ်နိုင်ဖို့ စုစည်းထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ 

အာဆီယံ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ တကမ္ဘာလုံးမှာရှိတဲ့ အင်တာပိုလ်အဖွဲ့ဝင်နိုင်ငံတွေ၊ ကုလသမဂ္ဂနဲ့ အစ္စလာမ်မစ်နိုင်ငံပေါင်းစုံအဖွဲ့ OIC တို့ဆီကို အင်တာပိုလ်ကနေတဆင့် အာဂျင်တီးနားတရားရုံးက စစ်ခေါင်းဆောင်တွေကို ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းနဲ့ အသိပေးချက်တွေ ပေးပို့သွားမှာဖြစ်ပါတယ်။

ဦးကိုကိုလေး (Learn and Share-လေ့လာဝေမျှ) က “ရင်တမမဖြစ်ရပြီလေ၊ သွားရတဲ့ ခရီးစဉ်တွေမှာ ငါ့ကိုများဖမ်းမလားဆိုတဲ့ စိုးရိမ်စိတ်တွေဖြစ်ရပြီ၊ ဧည့်ခံတဲ့လူကလည်း သူ့ကိုဖိတ်ရင် ငါ့နိုင်ငံသိက္ခာကျမလားဆိုတာတွေ အကုန်လုံးထည့်တွက်ရတော့ လွယ်လင့်တကူမဖြစ်တော့ဘူးပေါ့ဗျာ၊ အဲ့ဒါမျိုးအခက်အခဲတွေ ရင်ဆိုင်ရမယ်၊ ICC ကနေပြီးတော့ IIMM နဲ့ ပူးပေါင်းပြီးလုပ်နေတဲ့ အလုပ်တွေမှာတော့ ကြီးမားတဲ့ အထောက်အပံ့တွေ ဖြစ်လာတယ်ပေါ့ဗျာ” လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာအများအပြား လူမျိုးတုံးသတ်ဖြတ်ခံရတာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတဲ့အမှုအတွက် စစ်ခေါင်းဆောင်တွေကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။​ 

ဒီအမှုအတွက်ပဲ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC မှာလည်း စစ်ခေါင်းဆောင်ကိုဖမ်းဝရမ်းထုတ်ဖို့ ရှေ့နေချုပ်က ၂၀၂၄ နိုဝင်ဘာလမှာ တရားရုံးကို တောင်းဆိုထားပြီး ဝရမ်းထွက်လာရင် စစ်ခေါင်းဆောင်တွေအပေါ် ပိုမိုကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013