DVB Logo
Home
မြန်မာသတင်း
ရွှေဘို ညောင်ကိုင်းရွာက စစ်သားများ စခန်းစွန့်ခွာ၊ ပွင့်ဖြူက စစ်တပ်ဂိတ်တိုက်ခိုက်ခံရ
DVB
·
February 22, 2025
ရွှေဘို ညောင်ကိုင်းရွာက စစ်သားများ စခန်းစွန့်ခွာ၊ ပွင့်ဖြူက စစ်တပ်ဂိတ်တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရလို့ စစ်ကောင်စီ တပ်သားတချို့ သေဆုံးဒဏ်ရာရပြီး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်းကိုင်းပျူရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက်ပိုင်းမှာ စခန်းစွန့်ခွာသွားတယ်လို့ သိရပါတယ်။

ရွှေဘိုမြို့နယ်အနောက်ခြမ်း ညောင်းကိုင်းပျူရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ညောင်းကိုင်းရွာကနေ တည်သီးတောရွာနဲ့ ဇီးဖြူကုန်းပျူရွာဘက်ကို စခန်းစွန့်ခွာတပ်နောက်ဆုတ်သွားတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

ရွှေဘိုအနောက်ခြမ်းက LPDF ခေါင်းဆောင်တယောက်က “မနက်ခင်ပိုင်းကတည်းက ပျူတွေနဲ့ စစ်သားတွေက ရွာကနေထွက်ပြေးသွားတာ။ စစ်တပ်မထောက်ခံတဲ့ သာမာန်အရပ်သား မိသားစုတချို့ကတော့ ရွာထဲမှာ ကျန်ခဲ့တယ်။ အဲဒီ ကျန်ခဲ့တဲ့အရပ်သားတွေကိုလည်း သူတို့နဲ့ တပါတည်းမလိုက်လို့ ရိုက်နှက်သွားကြတယ်။ ကျန်ခဲ့တဲ့မိသားစုတွေက အတော်တော့ များတယ်ဗျ။ ကျနော်တို့ ရွာရှင်းလင်းရေးလုပ်နေလို့ လူဦးရေ အတိကျကိုတော့ ပြောလို့မရသေးဘူး” လို့လည်း DVB ကို ပြောပါတယ်။

အခုလို စခန်းဆုတ်ခွာသွားရတာဟာ တော်လှန်ရေးတပ်တွေက ရွာပတ်ပတ်လည်ကနေ ရိက္ခာဖြတ်တောက်ထားတာကြာင့်လို့လည်း သိရပါတယ်။

ညောင်ကိုင်းရွာသားတယောက်က “ဆန်၊ ဆီ၊ ဆားတွေလည်း မရှိတော့ဘူးလေ။ အခုတောင် အသက်ရှင်ဖို့ ပဲပြုတ်ကိုပဲ နေ့တိုင်းပြုတ်စားနေရပါတယ်။ ဘယ်သူကမှ ထောက်ပံ့ပေးတာမရှိဘူး။ ကျနော်တို့ကျန်တဲ့ မိသားစုတွေကိုလည်း သူတို့နဲ့လိုက်ခဲ့ဖို့ ခေါ်တယ်ဗျ။ ကျနော်တို့က အရင်ကလည်း စစ်တပ်ကိုမထောက်ခံဘူး။ ဘယ်ဘက်မှမပါဘူး။ ကိုယ့်ရွာနဲ့ ကိုယ့်အိမ်တွေကို ဖျက်ဆီးခံရမှာမို့ အခုလို ရွာထဲမှာ သူတို့နဲ့အတူနေရတာဗျ။ အခုလည်းသူတို့နဲ့မလိုက်လို့ဆိုပြီး ကျနော်တို့တတွေကို ထိုးကြိတ်ရိုက်နှက်တာတွေ ပျူစောထီးနဲ့ စစ်သားတွေကပြုလုပ်သွားတယ်” လို့ ပြောပါတယ်။

အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ညောင်ကိုင်းရွာမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်တပ်က တပ်စွဲနေထိုင်ပြီး အရပ်သားအများစုကို စစ်သင်တန်းတွေပေးခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာတော့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတချို့ သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းဆီကနေ သိရပါတယ်။

ပွင့်ဖြူမြို့နယ် ဝါစိုက်ပျိုးရေးတပ်ရဲ့ ရှေ့တန်းဂိတ်တခုဖြစ်တဲ့ စစ်ကောင်စီရဲ့ ကျစ်ကိုင်းစစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက် ၄ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းရဲ့ ဒုတပ်ရင်းမှူးက DVB ကိုပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သားတချို့ သေဆုံးဒဏ်ရာရရှိခဲ့ပေမယ့် အရေအတွက်ကိုတော့ အတိကျမသိရသေးဘဲ လက်ရှိမှာတော့ ဝါစိုက်ပျိုးရေးတပ်မှာ စလင်းဘက်ကနေ စစ်ကောင်စီတပ်သား အင်အား ၅၀ လောက်ဖြည့်တင်းထားတယ်လို့လည်း ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း၊ ပွင့်ဖြူ ပကဖ၊ မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း(ရေနံ့သာစစ်ကြောင်း)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013