
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ထဲမှာရှိတဲ့ စာသင်ကျောင်းတကျောင်းကို ဇူလိုင် ၁၀ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် စာသင်ကျောင်းဆောင် ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “ပွင့်ဖြူအနောက်ခြမ်း၊ အုတ်ဖိုရွာက အထကခွဲကျောင်းကို ဗုံးကြဲခံလိုက်ရလို့ Grade 10 ကျောင်းဆောင် လုံးဝပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။
စာသင်ကျောင်းကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲချသွားတာလို့လည်း ဆိုပါတယ်။
မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းရဲ့ တာဝန်ရှိသူတယောက်က “ဘယ်ကနေ လွှတ်လိုက်တာလဲတော့ မသိဘူးဗျ။ ဒရုန်းနဲ့ ၈၁ မမ ဗုံးသီး ၂ လုံးချသွားတာပဲ လက်ရှိမှာ အဲဒီကျောင်းက ကျောင်းဖွင့်နေပြီး Non CDM ဝန်ထမ်းတွေက သင်ကြားရေးကိစ္စတွေကို အပြည့်အဝဆောင်ရွက်ပေးနေတာ ဖြစ်ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တပ်စွဲနေတာတွေနဲ့ အဲဒီကျောင်းက Non CDM ဝန်ထမ်းတွေကို စာမသင်ရဘူးလို့ ကန့်သတ်ထားတာတွေလည်း ရှိတာမဟုတ်ဘဲ အကြောင်းမဲ့သက်သက် ဗုံးကြဲတာကြောင့် စာသင်ဆောင် ပျက်စီးသွားတာမို့လို့ အခုတော့ စာသင်ကြားရေးမှာ အခက်အခဲဖြစ်ရပြီ” လို့ DVB ကို ပြောပါတယ်။
ပွင့်ဖြူမြို့နယ်ထဲမှာ စစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေသလို စစ်တပ်ဘက်ကလည်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်းတွေ အပါအဝင် ဘုန်းကြီးကျောင်းတွေနဲ့ ကျေးရွာတွေကိုပါ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။










