
မကွေးတိုင်း ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း (ရုံးပင်ချောင်ကျေးရွာ) က ကျောင်းအုပ်ဆရာတယောက်ကို အမည်မသိ ဒေသတွင်း လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၉ ရက် မနက် ၁၁ နာရီခွဲက ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာနေ အသက် ၄၀ အရွယ် ကျောင်းအုပ်ဆရာ ဦးဆန်းမြင့်အောင်ကို အမည်မသိ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဝင် ၈ ယောက်က စက်လှေတစီးနဲ့ ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဦးဆန်းမြင့်အောင်က သူ့နေအိမ်မှာရှိနေတုန်း အမည်မသိ ဒေသတွင်း လက်နက်ကိုင်အဖွဲ့က စက်လှေနဲ့ ရောက်လာပြီး ဖမ်းခေါ်သွားတာလို့ သိရတယ်။ ရိုက်နှက် ဖမ်းခေါ်သွားတာမျိုးတော့ မဟုတ်ဘူး” လို့ ပြောပါတယ်။
အမည်မသိ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဟာ နေအိမ်အထိ စက်လှေနဲ့ ရောက်ရှိလာပြီး ကျောင်းအုပ်ဆရာ ဦးဆန်းမြင့်အောင်ကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပေမဲ့ လက်ရှိအချိန်အထိ ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ကျောင်းအုပ်ဆရာကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ ပတ်သက်လို့ စစ်အာဏာရှင်တပ်နဲ့ ရဲတွေက စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ကျောင်းအုပ်ဆရာ ဖမ်းဆီးခေါ်ခံရတဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ အသီးသီးဘက်က စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းအထိ သတင်းထုတ်ပြန်တာ မရှိသေးဘူးလို့ သိရပါတယ်။











