
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး စာသင်ကျောင်းတွေအတွင်း ရေဝင်ရောက်ကာ နစ်မြုပ်လာလို့ အခြေခံပညာစာသင်ကျောင်း ၁၀ ကျောင်း ပိတ်ထားရကြောင်း ပညာရေးဝန်ထမ်းတွေထံက သိရပါတယ်။
ဩဂုတ် ၁၁ ရက်ကစလို့ ရက်ဆက် မိုးရွာသွန်းမှုကြောင့် စာသင်ကျောင်းတွေထဲကို ဧရာဝတီမြစ်ရေ ဝင်ရောက်လာလို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းတွေအပါအဝင် စာသင်ကျောင်း ၁၀ ကျောင်းကို ပိတ်ထားရတာဖြစ်ပါတယ်။
ပညာရေးဝန်ထမ်းတယောက်က "စာသင်ကျောင်းတွေက အဆက်မပြတ်ရွာတဲ့ မိုးဒဏ်ကြောင့် ရေတွေ ဝင်ရောက်လာလို ပိတ်ထားရတာပါ။ ဩဂုတ် ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ပိတ်ခဲ့တာ ဖြစ်ပါတယ်။ သင်ကြားရေး လုပ်ငန်းတွေ ဆက်လုပ်လို့ကို မရတော့လို့ ပိတ်လိုက်ရတာပါ"လို့ ပြောပါတယ်။
စာသင်ကျောင်းတွေထဲကို ရေဝင်ရောက်လာလို့ ပိတ်လိုက်ရတဲ့ စာသင်ကျောင်း ၁၀ ကျောင်းကတော့ ကျောင်းစုကျေးရွာ အ.မ.က ကျောင်း၊ ကူကြီးကျေးရွာ အ.မ.က ကျောင်း၊ ကံလှကျေးရွာ အ.မ.က ကျောင်း၊ သံကိုင်းကျေးရွာ အ.မ.က ကျောင်း၊ ကျောင်းတော်ရာကျေးရွာ အ.ထ.က ကျောင်း၊ ဆည်မုန်းကျေးရွာ အ.ထ.က (ခွဲ) ကျောင်း၊ ဇီးကျွန်းကျေးရွာ အ.ထ.က (ခွဲ) ကျောင်း၊ ဗညောင်ကုန်းကျေးရွာ အ.မ.က ကျောင်း၊ သိမ်ကုန်းကျေးရွာ အ.မ.က ကျောင်းနဲ့ ကြည်ကုန်းကျေးရွာ အ.မ.က ကျောင်းတို့ ဖြစ်ပါတယ်။
ဒေသခံတယောက်က "အခု ရေက ကျောင်းတွေထဲ တအားကို ဝင်နေတာပါ။ ကျောင်းတွေ ပိတ်တာ ကောင်းပါတယ်။ အန္တရာယ်ကင်းတာပေါ့။ တချို့ စာသင်ကျောင်းတွေဆို လုံးဝကို မြုပ်သွားတာ။ အိမ်တွေထဲလည်း ရေတွေ ဝင်နေတာ မနည်းဘူး"လို့ ပြောပါတယ်။
စာသင်ကျောင်းတွေပိတ်ထားချိန်မှာ ကလေးတွေအတွက် သင်ခန်းစာတွေ နောက်ကျမကျန်ခဲ့စေဖို့ အစားထိုးအနေနဲ့ အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ အစားထိုး ပြန်လည်ဖွင့်လှစ် သင်ကြားသွားမယ်လို့ သိရပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ် အရှိန်ကြောင့် ဩဂုတ် ၁၄ ရက်မှ ၁၇ ရက်အထိ လတ်တလော ရေကြီးရေလျှံမှု ဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ကရင်ပြည်နယ် အပါအဝင် တိုင်းနဲ့ ပြည်နယ် အများအပြားမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ၊ နေရာကွက် မိုးကြီးတာနဲ့ ရုတ်တရက် ရေကြီးတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။











