မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ ယောက်သေ၊ ၇ ယောက်ထက်မနည်း ဒဏ်ရာရပြီး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာတော့ တရုတ် ဝမ်ပေါင်ကြေးနီကုမ္ပဏီကို လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေပစ်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ယောက်သေ၊ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက် မနက်စောပိုင်းမှာ တောင်သာမြို့နယ်ထဲက ထနောင်းကုန်း ပျူစောထီးကျေးရွာကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တပ်ဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ဘက်က MI35 နဲ့လေကြောင်းပစ်ကူပေးပြီး ထနောင်းကုန်းရွာမြောက်ဘက်က တောထဲမှာနေတဲ့ အမျိုးသား ၂ ယောက် ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီ ပြောရေးဆိုခွင့်ရှိသူဆီက သိရပါတယ်။
အဲဒီနေ့ ည ၁၁ နာရီဝန်းကျင်မှာလည်း ထနောင်းကုန်းရွာနဲ့ ၅ မိုင်လောက်ဝေးတဲ့ ကျားမတွင်းကျေးရွာလို့ခေါ်တဲ့ အောင်ဇေဖြိုးကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ယောက်အပါအဝင် ဒေသခံပြည်သူ ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ခိုင်းနွား ၁ ကောင်လည်း ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ညီညီ က “ထနောင်းကုန်းပျူရွာကို ဝင်တိုက်ပြီးတော့ သူတို့ဘန်ကာတွေကိုဝင်ရှင်းတဲ့အချိန် အလောင်း ၂ လောင်းတွေ့ခဲ့ပြီးတော့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရခဲ့တယ်ဆိုတာ ကျနော်တို့ သတင်းထုတ်ပြန် ပေးပြီးသားပါ။ သူတို့ဘက်က မြေပြင်အထိနာလို့ MI35 နဲ့လေကြောင်းပစ်ကူနဲ့ မြေပြင်လာတော့ ကျနော်တို့ပြန်ဆုတ်လာခဲ့တာ။ အဲ့ဒါကို အခဲမကျေနိုင်လို့ ညပိုင်းမှာ ကျားမတွင်းရွာကို ဗုံးထပ်ကြဲသွားတာဖြစ်နိုင်တယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တောင်သာမြို့နယ်အတွင်းက ကျေးရွာတွေကို လေယာဉ်၊ ရဟတ်ယာဉ်တွေအပြင် စက်တပ်လေထီးတွေနဲ့ပါ မကြာခဏတိုက်ခိုက်နေတာကြောင့် ကျေးရွာတွေက ပြည်သူထောင်ချီပြီး နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့အတွက် ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေလုပ်ထားကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်တဲ့ လေကြောင်းရန် သတိပေးချက်တွေကို နားစွင့်လိုက်နာကြဖို့လည်း တောင်သာ ပကဖ က နှိုးဆော်တိုက်တွန်းထားပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာတော့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင်မှာ တရုတ်ဝမ်ပေါင်ကြေးနီကုမ္ပဏီထဲမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်တယောက်က “တရုတ်ဝမ်ပေါင် ကြေးနီကုမ္ပဏီ လုံခြုံရေးဂိတ်ထဲကနေ ပစ်လိုက်တဲ့လက်နက်ကြီးကျည်က အဲဒီကုမ္ပဏီရဲ့ အရှေ့ဘက်မှာရှိတဲ့ ဒုန်းတောရွာထဲကိုကျခဲ့တာပါ။ သေဆုံးသွားရတဲ့အမျိုးသမီးက ဆေးကုသခွင့်အချိန်မီမရဘဲ သွေးထွက်လွန်ပြီး သေဆုံးခဲ့ရတာပါ” လို့ ပြောပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၅ နှစ်အရွယ် ဒေါ်သန်းဌေး သေဆုံးခဲ့ပြီး အသက် ၆၅ နှစ်အရွယ် အမျိုးသား ၁ ယောက်နဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
အခုနှစ်ထဲမှာ ကုမ္ပဏီဝန်းထဲကို စစ်ကောင်စီအင်အား တိုးမြှင့်ချထားတာတွေရှိနေပြီး ဝမ်ပေါင်ကုမ္ပဏီရဲ့ အက်ဆစ်သယ်ယာဉ်တွေနဲ့ ကြေးနီသယ်ယာဉ်တွေထွက်ခွာတဲ့ လမ်းကြောင်းရှိရင်လည်း အနီးဝန်းကျင်ကျေးရွာတွေဘက်ကို အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ပင်မသပိတ်ကော်မတီဝင်တယောက်က “အရင် ၁ ရက် ၂ ရက်လောက်ကတည်းက ဝမ်ပေါင်ကို ကြေးနီကားတွေနဲ့ အက်စစ်တင်တဲ့ကားတွေ ရောက်နေလို့ ပုသိမ်-မုံရွာလမ်းပိုင်းတလျှောက်မှာလည်း သူတို့ဘက်က အင်အားအများအပြားနဲ့ ကင်းယူနေတာတွေရှိတယ်။ လက်နက်ကြီး၊ လက်နက်တွေပစ်နေတာကလည်း ဒီနေ့မနက်အထိပဲ” လို့ DVB ကိုပြောပါတယ်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့ ဒုန်းတောကျေးရွာနဲ့ အနီးဝန်းကျင် ဂုဏ်တောကျေးရွာက ထောင်ချီတဲ့ဒေသခံပြည်သူတွေဟာလည်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းက ဒုန်းတောကျေးရွာက အသက်မပြည့်သေးတဲ့ လူငယ်တွေအပါအဝင် ဒေသခံ ၁၀ ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပါသေးတယ်။