
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်က တော်ဝင်ဒင်္ဂါးသွန်းလုပ်တဲ့ စက်ရုံဟောင်းနေရာကို တရုတ်သံရုံးသစ်အဖြစ် ခွင့်ပြုပေးနိုင်ခြေရှိကြောင်း သိရပါတယ်။
တကယ်လို့ တရုတ်အစီအစဉ်အတိုင်း ဖြစ်လာခဲ့မယ်ဆိုရင် ဒါဟာ ဥရောပတိုက်မှာ အကြီးမားဆုံးသော သံတမန်ရေးရုံးတခု ပေါ်ပေါက်လာမှာပါ။
လွန်ခဲ့တဲ့ ၆ နှစ်တုန်းက တရုတ်အစိုးရဟာ အဲဒီမြေနေရာကို ပေါင် ၂၅၅ သန်းကျော်နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး စတုရန်းပေ ၆ သိန်းအထိ ကျယ်ဝန်းပါတယ်။
အဲဒီနေရာမှာ နေအိမ် ၂၂၅ လုံးနဲ့ ရုံးခန်းတွေ အပါအဝင် “ယဉ်ကျေးမှုဖလှယ်ရေး” အဆောက်အအုံတခုပါ ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဗြိတိန်အစိုးရက တရုတ်အစီအစဉ်ကို ပြီးခဲ့တဲ့ ၂ နှစ်စလုံးမှာ ပယ်ချခဲ့ပေမဲ့လည်း လေဘာပါတီ အာဏာရလာပြီး နောက်ပိုင်းမှာတော့ တဖန် အသက်ဝင်ခဲ့လာတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက သံရုံးအသစ်ကို အသုံးချပြီး ဖုန်းကြားဖြတ်နားထောင်တာနဲ့ သက်ဆိုင်ရာ ဆန္ဒပြတွေပွဲအပေါ် ဖိနှိပ်တာမျိုး အပါအဝင် “သူလျှိုဌာနချုပ်” အဖြစ် အသုံးပြုနိုင်တဲ့အပေါ်မှာ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
အခုလိုမျိုး အဆိုပြုထားတဲ့နေရာအနီးက ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ စိုးရိမ်ပူပန်မှုကို မြင့်တက်လာစေတဲ့အတွက် ဆန္ဒပြပွဲတွေပါ ပေါ်ပေါက်လာခဲ့ပါတယ်။
အမေရိကန် လွှတ်တော်ကော်မတီတခုကလည်း လန်ဒန်တာဝါနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ “ဧရာမသံရုံးကြီး” ဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်တယ်ဆိုပြီး သတိပေးထားပါတယ်။
ရီပတ်ဘလီကန်အမတ် ဂျွန်မိုလင်နာ ဦးဆောင်တဲ့ လွှတ်တော်ကော်မတီက “လန်ဒန်ရဲ့ ငွေကြေးဝန်ဆောင်မှုလိုမျိုး အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ဝင်ရောက်စွက်ဖက်တာနဲ့ စောင့်ကြည့်ထောက်လှမ်းတာ” စသဖြင့် “သိသာထင်ရှားတဲ့” စိုးရိမ်ပူပန်မှုအတိုင်း ဖြစ်လာနိုင်တယ်လို့ X လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။
အဲဒီ တရုတ်သံရုံးနဲ့ ပတ်သက်ပြီး ၁၂ ရက်တာ စုံစမ်းစစ်ဆေးမှုကို ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ခဲ့ပြီးနောက် မကြာခင်မှာ ရလဒ်ထွက်ပေါ်လာဖို့ ရှိနေပါတယ်။
မကြာသေးတဲ့ အောက်တိုဘာလတုန်းကလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာကြား ဖုန်းဆက်သွယ်ပြောဆိုခဲ့ရာမှာ သံရုံးကိစ္စကို ခွင့်ပြုဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် တရုတ်အဆိုပြုချက်က ဝါရှင်တန်နဲ့ မဝေးကွာစေဘဲ ပေကျင်းနဲ့ ဆက်ဆံရေး ကောင်းမွန်လိုတဲ့ ဗြိတိန်ဝန်ကြီးချုပ်အတွက် စမ်းသပ်မှုတရပ် ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် စတာမာက ပေကျင်းကို သွားရောက်လည်ပတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်နေတာကြောင့် ၇ နှစ်အတွင်း တရုတ်နိုင်ငံကိုရောက်လာတဲ့ ပထမဆုံး ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာနိုင်ပါတယ်။
Source : Reuters











