
စစ်ကောင်စီထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့မှာ ပျူစောထီးအဖွဲ့တွေဖွဲ့ သင်တန်းပေးနေပြီး လူနေရပ်ကွက်တွေနဲ့ ဈေးတွေမှာ လုံခြုံရေးယူနေတာတွေရှိတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ကတည်းက ထွက်မပြေးဘဲ ကျန်နေခဲ့တဲ့ သူတွေကိုစုကာ သင်တန်းပေးနေတာဖြစ်ပြီး အခုဆို အပတ်စဥ် ၃ အထိ ပေးပြီးသွားပြီလို့ ဒေသခံတယောက်က ပြောပါတယ်။
“မြို့ထဲမှာ အရင်ကတည်းကကျန်ခဲ့တဲ့ အရင်ထဲကလက်စရှိတဲ့ သူခိုးသူ၀ှက်လေးတွေပေါ့လေ၊ အဲ့ဒါလေးတွေ ပြန်စုစည်းပြီးတော့ ပျူပြန်ဖွဲ့လိုက်တာ။ ကျန်ခဲ့တာက သဘောရိုးနဲ့ ကျန်ခဲ့တာမဟုတ်ဘူး ခိုး၀ှက်ချင်တဲ့စိတ်နဲ့ ကျန်ခဲ့တဲ့အဖွဲ့တွေ အများကြီးရှိတယ်။ သောက်စားမူးယစ်ပြီးတော့ ကျန်ခဲ့တဲ့အဖွဲ့တွေပေါ့။ ဒီအဖွဲ့တွေပဲ သူတို့ပြန်စုစည်းပြီးတော့ လုံခြုံရေးပြန်ခန့်လိုက်တယ်။ ပုံစံအမျိုုးမျိုးနဲ့ပေါ့လေ၊ သတင်းယူတဲ့အဖွဲ့တွေလည်း ရှိပါလိမ့်မယ်။ နောက်လုံခြုံရေးတွေပေါ့၊ ဈေးတွေ ဘာတွေမှာ၊ နောက်ရပ်ကွက်လမ်းထိပ်တွေမှာ ပြန်ချထားတာတွေ ရှိပါတယ်။”
လက်ရှိ လွိုင်ကော်မြို့မှာ ပျူအဖွဲ့တွေက ကင်းလှည့်နေတာတွေရှိပြီး တဖက်မှာလည်း လူပြန်လာနေတဲ့ ရပ်ကွက်တချို့မှာ ရပ်ကွက်ထဲက သက်ကြီးရွယ်အိုတွေကပဲ လုံခြုံရေးပြန်ယူရတဲ့ အပိုင်းတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ကိုယ့်ရပ်ကွက်ကို လုံခြုံရေးပြန်ယူနေတဲ့ သက်ကြီးပိုင်းတွေမှာတော့ လက်နက်ကိုင်ဆိုင်ထားတာမရှိဘဲ ပျူအဖွဲ့တွေကပဲ လက်နက်ကိုင်ပြီး ကင်းလှည့်နေတာလို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
လက်ရှိအချိန်ထိ လူပြန်မနေသေးတဲ့ နာနတ်တောရပ်ကွက်နဲ့ ဒေါဥခူရပ်ကွက်တွေမှာတော့ ကင်းလှည့်နေတဲ့ကြားကပဲ နေအိမ်အဖောက်ခံရတဲ့ ဖြစ်စဥ်တွေလည်းရှိနေတယ်လို့ ဒေသခံ နောက်တယောက်က ပြောပါတယ်။
“ရပ်ကွက်ထဲက လူမနေတဲ့အိမ်တွေကတော့ အမြဲတမ်းဖောက်ထွင်းခံနေရတာပဲ။ အိမ်ရှင်တွေက မပြန်လာဘူး၊ ဘေးပတ်၀န်းကျင်တွေမှာ လူရှိပေမဲ့လည်း အခုခတ်က ဘယ်လိုပြောရမလဲ တရားဥပဒေစိုးမိုးရေးက မလုပ်နိုင်တော့ ဘယ်သူမှမပြောရဲကြဘူး၊ ကိုယ့်အိမ် မခိုးရင်ပြီးကော အဲ့လိုပဲ နေနေကြတာပေါ့နော်။”
အရပ်သားနဲ့ ပျူအဖွဲ့တွေ ရောပြီး လွိုင်ကော်မြို့မှာ ကင်းချထားတာဖြစ်တဲ့အတွက် တော်လှန်ရေး တပ်ပေါင်းစုတွေအနေနဲ့ လူမှားပြီး တိုက်ခိုက်မှာကိုလည်း စိုးရိမ်နေတဲ့အကြောင်း ဒေသခံတွေက DVB ကို ပြောပါတယ်။
တစ်လေးလုံးစစ်ဆင်ရေးအပြီးနောက် လွိုင်ကော်မြို့ကို စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်ထားပြီး မြို့ထဲမှာ ပုံမှန်အခြေအနေဖြစ်အောင် ကြိုးစားနေတာဖြစ်ပါတယ်။ မိုးဗြဲနဲ့ ဖယ်ခုံဘက်တွေမှာတော့ လက်ရှိ စကစတပ်တွေရဲ့ ထိုးစစ်ကြောင့် တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ တိုက်ပွဲပြင်းထန်နေတုန်းပါပဲ။
မောရစ်