
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းက စစ်ရှောင်စခန်းနားကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။
သြဂုတ် ၁၁ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ စစ်တပ်က အသေခံဒရုန်း နဲ့ ၃ ကြိမ် ဗုံးကြဲလို့ စစ်ရှောင်အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “ဒီတကြိမ်က drop ဗုံး မဟုတ်ဘဲ Suicide drone နဲ့ ကြဲတဲ့အပြင် အဲဒီနားတဝိုက်ကိုလည်း လက်နက်ကြီးနဲ့ ၂ ကြိမ်၊ ၃ ကြိမ်ပစ်တာပေါ့နော်။ လူသေတယ်၊ ထိခိုက်ဒဏ်ရာရသူလည်း ရှိတယ်။ စစ်ရှောင်နေအိမ်တလုံး မီးလောင်ပျက်စီးတာလည်း ရှိတယ်” လို့ ပြောပါတယ်။
အသေခံဒရုန်း (Suicide drone) ကြောင့် စစ်ရှောင်အမျိုးသားနဲ့ အမျိုးသမီးတို့ သေဆုံးပြီး ၉ တန်းအရွယ် ကျောင်းသူ၊ ၁၀ တန်းအရွယ် ကျောင်းသားနဲ့ စစ်ရှောင်အမျိုးသားတို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က တိုက်ပွဲမရှိပေမဲ့ လွိုင်ကော်အရှေ့ခြမ်းကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိပြီး ခုတခါမှာတော့ အသေခံဒရုန်းကိုပါ အသုံးပြုတိုက်ခိုက်လာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်မှာလည်း လွိုင်ကော်အရှေ့ခြမ်း ၃ နေရာလောက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ရှောင်အမျိုးသမီးတယောက် သေဆုံးခဲ့ရပါတယ်။










