DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းမှ ဖယ်ရှားရန် မဖြစ်နိုင်၊ ဥပဒေအရ ရင်ဆိုင်ရန် တိုက်တွန်း 
DVB
·
February 20, 2025
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းမှ ဖယ်ရှားရန် မဖြစ်နိုင်၊ ဥပဒေအရ ရင်ဆိုင်ရန် တိုက်တွန်း 
Donate to DVB

သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့  နာမည်တွေကို အာဂျင်တီးနားတရားရုံးက ထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းစာရင်းနေ ဖယ်ရှားဖို့ မဖြစ်နိုင်တော့ဘဲ ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့နည်းလမ်းသာရှိတယ်လို့ ဥပဒေပညာရှင်တွေက သုံးသပ် ပြောပါတယ်။

အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီ ဒုတိယအပတ်ထဲမှာထုတ်ပြန်ခဲ့တဲ့ ဖမ်းဝရမ်းမှာ စစ်ခေါင်းဆောင်တွေနဲ့အတူ အရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်တို့ရဲ့ နာမည်တွေ ပါဝင်လာခဲ့တာပါ။ 

ပြည်တွင်း၊ ပြည်ပ တရားရုံးတွေမှာ ဖမ်းဝရမ်းထုတ်တဲ့ပုံစံ ၂ မျိုးရှိကာ ပထမနည်းလမ်းက တရားစွဲတဲ့ဥပဒေအရာရှိက တရားရုံးမှာဖမ်းဝရမ်းတခါတည်းတွဲတင်တာဖြစ်ပြီး  ဒုတိယနည်လမ်းက တရားရုံးက ဆင့်ခေါ်စာထုတ်တာကို  မလာတဲ့အတွက် ဝရမ်းထုတ်တာ ဖြစ်ပါတယ်။

အာဂျင်တီးနားတရားရုံးက ထုတ်တဲ့ဖမ်းဝရမ်းဟာ ပထမနည်းလမ်းဖြစ်ပြီး ထွက်ပြေးတိမ်း ရှောင်မယ့်သူ၊ လာမှာမဟုတ်တဲ့သူ၊ တခါတည်းဖမ်းပြီး ရုံးတော်မှာစစ်ဆေးဖို့လိုအပ်သူတွေအတွက် သုံးတဲ့နည်းလမ်းဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံရဲ့စွဲချက်ကို ရုံးချိန်းဆင့်ခေါ်ချက်အတိုင်းလိုက်နာပြီး ဒေါ်အောင်ဆန်းစုကြည်သွား ရောက်ရင်ဆိုင်ခဲ့တာကြောင့်  ဖမ်ဝရမ်းမထွက်လာတာဖြစ်ပါတယ်။

ဝါရင့် တရားလွှတ်တော် ရှေ့နေ  ဦးကြီးမြင့်က “၅နှစ်လောက်လေ့လာပြီးမှ အချက်အလက်အစုံအညီနဲ့ ဖမ်းဝရမ်းပေးပါ၊ ဒီလူတွေက လာမယ့်သူတွေ မဟုတ်ဘူး၊ ထွက်ပြေးတိမ်းရှောင်မယ့်သူတွေ၊ ဝရမ်းနဲ့မှဖြစ်မှာ ဘယ်လောက် ခေါ်ခေါ်လာမှာမဟုတ်ဘူး၊ တနှစ်လောက်စုံစမ်းစစ်ဆေးပြီးတော့ တရားရုံးက ဝရမ်းထုတ် ပေးလိုက်တာ။ အဲ့ဒါက အမှုကို စစ်ဆေးတာ မဟုတ်ဘူး။ အမိန့်ချတာလည်းမဟုတ်ဘူး။ ဒီလူတွေရုံးလာမှာမဟုတ်ဘူးဆိုတဲ့အစွဲနဲ့၊ ဒီလူတွေက ဖြေရှင်းရန်တာဝန်ရှိပါလျှက်နဲ့ ရုံးလည်းပဲလာမယ့် သူတွေမဟုတ်ဘူးဆိုပြီးတော့ အဲ့ဒီလို ဝရမ်းထုတ်ပေးတာလည်းရှိတယ်။ နောက်တခုကတော့ ဘယ်မှာဝရမ်းပါလို့လဲ၊ ဘာကိစ္စငါ့ကို ဖမ်းရမှာလဲဆိုပြီး ပြောနေမှာ၊ ဒါကြောင်မို့ ဝရမ်းကတော့ မထုတ်လို့ မရဘူး ဆိုတာမျိုးနဲ့ ထုတ်ပေးတာမျိုးလည်းရှိတယ်။ ဝရမ်းထုတ်ထားတဲ့သူက ရုံးရှေ့မလာဘဲနဲ့ အဝေးကနေဟိုစာတင် ဒီစာတင်တင်လို့မရဘူး။ နိုင်ငံတကာရုံး အဖွဲ့အစည်းတွေကတော့မရဘူး။ ဝရမ်းကို ထုတ်လိုက်ပြီဆို တဲ့အခါကျတော့မှ မဟုတ်ဘူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်ကိုတော့ နုတ်ပေးပါဆိုတော့ မရတော့ဘူး။ တရားသူကြီးက အဲ့ဒီဝရမ်းကိုဖယ်ပေးပါလို့ လျှောက်လို့မရဘူး၊ လာဦးမယ် ဟို နယ်သာလန်နိုင်ငံ ICC သည်ဟိတ်ဂ်က ထုတ်ဦးမယ်။”

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေ အပေါ်လူမျိုးတုံး သတ်ဖြတ်မှုအတွက် မြန်မာရိုဟင်ဂျာအဖွဲ့-ယူကေ (BROUK) ကဦးဆောင်ပြီး အာဂျင်တီးနားတရားရုံးမှာ တရားလိုပြုလုပ်တိုင်ကြားခဲ့တဲ့ အမှုဖြစ်ပါတယ်။

မူလက စစ်တပ်ကိုဦးတည်ခဲ့တာဖြစ်ပေမဲ့ ၂၀၂၄ ဇွန်လတုန်းက အာဂျင်တီးနားအစိုးရရှေ့နေက ဖမ်းဝရမ်း ထုတ်ပေးဖို့ တောင်းဆိုတဲ့စာရင်းမှာ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမည်ကိုပါထည့်သွင်းခဲ့တာကြောင့် ဝရမ်းထွက်လာချိန်မှာ နာမည်တွေပါလာခဲ့တာဖြစ်ပါတယ်။

မြန်မာရိုဟင်ဂျာအဖွဲ့-ယူကေ BROUK က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ရဲ့နာမည်တွေ ဖမ်းဝရမ်း စာရင်းမှာမထည့်ဖို့တောင်းဆိုခဲ့ပေမယ့် တရားရုံးက လက်မခံဘဲ စာရင်းထဲထည့်သွင်းခဲ့တာလို့  BROUK အဖွဲ့ တာဝန်ရှိသူ ဦးထွန်းခင်က ပြောပါတယ်။

“BROUK အနေနဲ့ ဖမ်းဝရမ်းထုတ်ဖို့ စုံစမ်းတဲ့အခါမှာလည်း စစ်တပ်ကိုဦးတည်ပြီးတော့ ကျနော်တို့ စုံစမ်းစစ်ဆေးခဲ့တယ်။ ဖမ်းဝရမ်းထုတ်ဖို့လည်း စစ်တပ်ကိုဦးတည်ပြီးတော့ ကျနော်တို့ လျှောက်လဲချက်တင်တယ်။ ဒါပေမဲ့ ဒီမှာတော့ တာဝန်ရှိတဲ့သူက တာဝန်ခံဖို့ပျက်ကွက်ခဲ့တယ်လို့ သူတို့မြင်တဲ့အတွက်ကြောင့် ဒါကတော့ဖြစ်လာတာ၊  ဒေါ်စုနဲ့ ဦးထင်ကျော်တို့ပါလာတာလို့ ကျနော်တို့ အနေနဲ့ထင်ပါတယ်ဗျ။”

ဖမ်းဝရမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့နာမည်တွေပါဝင်လာတာဟာ ၂၀၁၉ ခုနှစ် အမှုကိုစတင်စုံစမ်းစစ်ဆေးချိန်မှာ ကုလသမဂ္ဂအပါအဝင်အဖွဲ့အစည်းတွေရဲ့ စုံစမ်းမှုတွေကို NLD အစိုးရ ခေါင်းဆောင်တွေက ထိရောက်တဲ့ပူးပေါင်းဆောင်ရွက်မှုမလုပ်နိုင်ခဲ့တာ၊ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာခုံရုံးတွေကို အမှုတွဲရောက်နေချိန်မှာ NUG တာဝန်ရှိသူတွေက ထိရောက်တဲ့ ကြားဝင်ညှိနှိုင်းဖြေရှင်းမှု မလုပ်နိုင်ခဲ့တာတွေကြောင့်ဖြစ်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက မှတ်ချက်ပေးပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး NUG က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ဝရမ်းစာရင်းက ဖယ်ရှားပေးဖို့ တောင်းဆိုကြောင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းယူနစ်လွှတ်တော်- ဥက္က ဋ္ဌ ဦးမြင့်ထွေးက “အခု NUG ကနေပြီးတော့ ခုခံချေပနိုင်ဖို့ သင့်ရာ နည်းလမ်းနဲ့ အစွမ်းကုန်ကြိုးစားဆောင်ရွက်မယ်ဆိုတာလည်း ထုတ်ပြန်ကြေညာပြီးဖြစ်သလို လုပ်လည်းလုပ်ပါလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။ လုပ်တာလည်း အောင်မြင်မယ်လို့ ကျနော်တို့မြင်ပါတယ်”လို့ ပြောပါတယ်။

နိုင်ငံတကာတရားရုံးလုပ်ထုံးလုပ်နည်းတွေအရ ဝရမ်းထုတ်တာဟာ တရားရုံးမှာ အမှုရင်ဆိုင်ဖို့ ခေါ်ယူတဲ့အဆင့်သာဖြစ်ပြီး အပြစ်ရှိကြောင်း စီရင်ချက်ချတာမျိုးမဟုတ်ဘဲ ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ နိုင်ငံတကာရေးရာလေ့လာသူတယောက်က မှတ်ချက်ပေးပါတယ်။

(Learn and Share-လေ့လာဝေမျှ)  ဦးကိုကိုလေးက  “ဝရမ်းထုတ်လိုက်တယ်ဆိုတာက ဒီတရားရုံးက အလိုရှိတယ်။ လာရောက်ရှင်းလင်းပါဆိုတဲ့အဓိပ္ပါယ်လို့ ကျနော် မြင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စက လူတိုင်းသိတာပဲ။ မြန်မာပြည်မှာ အုပ်ချုပ်ရေး ၂ ခု၊ Show Case ဒီမိုကရေစီပြချင်လို့ အရပ်သားအစိုးရကို တင်ထားပြီးတော့ စစ်အာဏာရှင်တွေက သူတို့လုပ်ချင်တိုင်း လုပ်နေတယ်ဆိုတာ တကမ္ဘာလုံးသိတာပဲ”လို့ ပြောပါတယ်။

၂၀၁၇ မှာဖြစ်ပွားခဲ့တဲ့အမှုအတွက် နိုင်ငံတကာတရားရုံး ဥပဒေအရာရှိတွေက ၅ နှစ်လောက် လေ့လာပြီးမှ  သူတို့ရရှိတဲ့အချက်အလက်တွေကို တရားရုံးကိုတင်ပြခဲ့ဖြစ်ပြီး မြေပြင်ကို အချက် အလက်ရှာဖွေရေးအဖွဲ့တွေ ကွင်းဆင်းခဲ့သလို လူသက်သေ ပစ္စည်းသက်သေတွေကိုကြည့်ပြီး အချိန် ၈ နှစ်နီးပါးကြာချိန်မှ ဝရမ်းထုတ်တဲ့အဆင့်ကို ရောက်ခဲ့တာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး  (ICC)  မှာလည်း စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ရှေ့နေချုပ်က  ၂၀၂၄ နိုဝင်ဘာလမှာ တရားရုံးကို တောင်းဆိုထားပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013