DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂလိက ဆေးရုံအချို့ကို စစ်ကောင်စီက ပိတ်ခိုင်းသဖြင့်  ပြည်သူများအခက်ကြုံ 
DVB
·
February 20, 2025
ပုဂ္ဂလိက ဆေးရုံအချို့ကို စစ်ကောင်စီက ပိတ်ခိုင်းသဖြင့်  ပြည်သူများအခက်ကြုံ 
Donate to DVB

အာဏာဖီဆန် CDM ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်မြို့ရှိ ပုဂ္ဂလိက  ဆေးရုံတချို့ ယာယီပိတ်သိမ်းဖို့ စစ်ကောင်စီက ညွှန်ကြားတာဟာ ပြည်သူလူထုကို ဒုက္ခရောက်အောင်၊ လုပ်ဆောင်နေတာလို့ ‌ဆရာဝန်အသိုက်အဝန်းက သုံးသပ်ပြောပါတယ်။

ရန်ကုန်မှာ စစ်ကောင်စီက အပြီးသတ် ပိတ်သိမ်းဖို့အထိ ညွှန်ကြားခံရတဲ့ ဆေးရုံတွေက မြတ်တော်ဝင်၊ ကျန်းမာသုခနဲ့ ချမ်းမြေ့ဆေးရုံဖြစ်ပြီး ယာယီ ပိတ်ခိုင်းတဲ့ဆေးရုံတွေက OSC၊ ဆာကူရာ၊ Grand Hantha၊ ကောင်းစုဆောင်၊ ကောင်းနဲ့ သမိုင်းဆေးရုံတွေဖြစ်ကာ  ၃ လကနေ ၁ နှစ်အထိ ပိတ်သိမ်းခိုင်းခဲ့တာလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါကိုတော့စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်ခဲ့တာမဟုတ်ပါဘူး။ အဲဒီဆေးရုံတွေကို DVB ကဆက်သွယ်မေးမြန်းခဲ့ပေမယ့်အများစုကတော့ ဆေးရုံပိတ်ထားတာကို ဖြေဆိုဖို့ငြင်းဆန်ခဲ့ကြပါတယ်။

OSC ဆေးရုံနဲ့ ကျန်းမာသုခဆေးရုံကို DVB က ဆက်သွယ်မေးမြန်းရာမှာတော့ ဆေးရုံကို လတ်တလောမှာ ဖွင့်လှစ်ထားပြီး ပုံမှန် လာရောက်ပြသနိုင်ကြောင်း ပြောဆိုခဲ့ပြီး ဆေးရုံပိတ်သိမ်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မသိရသေးကြောင်း၊ ပြောဆိုခွင့် မရှိကြောင်း ပြန်လည် ပြောဆိုခဲ့ပါတယ်။

Grand Hantha နဲ့ ဆာကူရာဆေးရုံတွေကတော့ ဒီလို ပိတ်တယ်ဆိုတာမဟုတ်ကြောင်း ဆေးရုံရဲ့ တရားဝင် လူမှုကွန်ယက် စာမျက်နှာကနေ ရေးသားအသိပေးခဲ့ကြပါတယ်။

အင်းစိန်က ကောင်းဆေးရုံနဲ့ နီးစပ်သူတယောက်ကတော့ ဆေးရုံက ယာယီပိတ်မှာ မှန်ကန်ကြောင်း မတ်လက စ ပိတ်ထားမှာဖြစ်ပြီး ဇွန်လမှ ပြန်လည်ဖွင့်လှစ်မှာလို့  DVB ကို ပြောပါတယ်။

အခုလို ပုဂ္ဂလိက ဆေးရုံတွေ ပိတ်သိမ်းလိုက်တာဟာ လူနာတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိုဆိုးလာစေမှာဖြစ်တယ်လို့ CDM ဆရာဝန်တယောက်က ပြောပါတယ်။

“ပုဂ္ဂလိကဆေးရုံတွေကို ပိတ်သိမ်းလိုက်တာကြောင့်တွေက တခြားဆေးရုံတွေမှာပါ အလုပ်ပိုပိလာနိုင်တယ်ပေါ့နော်၊ အထူးသဖြင့် ပုဂ္ဂလိက ဆေးရုံတွေမှာပါ။ ဆေးရုံနဲ့ လူနာ မလောက်ငှလာရင် နောက်ဆုံးတော့ အစိုးရဆေးရုံမှာပါ ထပ်ပိုလာနိုင်တယ်ပါတယ်။ အစိုးရဆေးရုံမှာကလည်း ဆရာဝန်အင်အား ပိုမလောက်ငှမှုကြောင့် နောက်ဆုံးမှာတော့ လူနာတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာက ပိုဆိုးလာမှာပါပဲ။”

အခုလိုဆေးရုံကြီးတွေမှာ CDM ဝန်ထမ်းတွေခန့်ထားရင် ပိတ်ရတယ်ဆိုတဲ့သတင်းတွေကြောင့် ရန်ကုန်မြို့က ရပ်ကွက်တချို့က တပိုင်တနိုင်ဆေးခန်းတွေလည်း စိုးရိမ်ပြီး ပိတ်ထားကြတယ်လို့ ရန်ကုန်မြို့ သမိုင်း ၂ ရပ်ကွက်က ဒေသခံတွေကပြောပါတယ်။

ဆေးရုံတချို့ ပိတ်သိမ်းရတယ်ဆိုပြီးသတင်းထွက်ခဲ့တဲ့အထဲမှာ သမိုင်းလမ်းဆုံက  သမိုင်း ဆေးရုံလည်းအပါအဝင်ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ CDM ကျန်းမာရေးဝန်ထမ်းတွေကို တောက်လျှောက် ဖိနှိပ်ခဲ့တာ ဖြစ်တယ်လို့ Medical Family Mandalay (MFM ) က တာဝန်ရှိသူတယောက်က ပြောပါတယ်။

“စကစ က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ ဆရာဝန်တွေက ပထမဆုံး CDM လုပ်ခဲ့ကြတယ်။ CDM လုပ်ခဲ့တဲ့ အချိန်မှာလည်း သူတို့ရဲ့ အစိုးရဌာနတွေမှာပဲ သွားပြီးတော့ ကုသခွင့် မပေးခဲ့တာ။ ဒါပေမဲ့လို့ ကျနော်တို့ ပြည်သူလူထုအားလုံးအတွက်ကို ဝန်ဆောင်မှုတွေအပြည့်နဲ့ ကျနော်တို့ လူမှုကူညီရေးအသင်းတွေမှာသော်လည်းကောင်း၊ တခြား ပြင်ပပုဂ္ဂလိက ဆေးရုံဆေးခန်းတွေမှာ သော်လည်းကောင်း၊ အခမဲ့ ပုံစံမျိုးတွေနဲ့ ကျနော်တို့ ပြုစုကုသမှုတွေ ပေးခဲ့တယ်ပေါ့နော်။ ပေးခဲ့ပေမယ့် မင်းအောင်လှိုင်ရဲ့ အကြမ်းဖက် အုပ်စုက CDM တွေကို လိုက်လံ ဖမ်းဆီးမှုတွေ၊ အကြပ်ကိုင်မှုတွေ၊ ဆေးကုသတဲ့အခါမှာ ဆေးရုံဆေးခန်းတွေမှာ ဝင်ရောက်ဖမ်းဆီးမှုတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ ပြည်သူလူထုတွေမှာ အင်မတန်မှ ထိခိုက်တဲ့ အခြေအနေထိ ဖြစ်သွားတယ်။”

၂၀၂၀ အထိ မှတ်တမ်းတွေအရ NLD အစိုးရလက်ထက်မှာ နိုင်ငံတဝန်း ကျန်းမာရေးဝန်ထမ်း ၁၂၀,၀၀၀ ကျော်ရှိခဲ့ပြီး စစ်အာဏာစသိမ်းချိန်မှာ ဝန်ထမ်း ၈၀,၀၀၀ ကျော်ဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဝန်ထမ်း ၄၀,၀၀၀ ကျော် ၅၀,၀၀၀ နီးပါးသာ CDM ဆက်ဝင်နေကြပါတယ်။

Medical Family Mandalay (MFM ) က တာဝန်ရှိသူက “အခုလိုမျိုး ပုဂ္ဂလိက ဆေးရုံတွေကို ပိတ်တယ်။ ပြီးတော့ကျတော့ CDM ကျန်းမာရေး ဝန်ထမ်းတွေကို ပစ်မှတ်ထားပြီးတော့ အကြမ်းဖက် ဖမ်းဆီးတာတွေ၊ ဆေးရုံတွေ ပိတ်သိမ်းတာတွေက တကယ်တန်းကတော့ ဒီဟာတွေက ပြည်သူလူထုရဲ့ ကျန်းမာရေးအတွက်ကို ပိုပြီးတော့ ပြည်သူလူထုတွေကို ပိုပြီးတော့ ဒုက္ခရောက်အောင် ကျူးလွန်တာပေါ့။ အထူးသဖြင့် War Crime ကျူးလွန်နေတဲ့ စကစ မင်းအောင်လှိုင်က ပိုပြီးတော့ ပြည်သူလူထုကို ဒုက္ခရောက်အောင်၊ အခက်အခဲတွေ့အောင်၊ ပိုပြီးတော့ ဒုက္ခတွေ ပိအောင် ဆောင်ရွက်နေတယ်လို့ပဲ မြင်ပါတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ CDM မှာ အစောဆုံးပါဝင်ခဲ့တဲ့ ဆရာဝန် ၅၅၇ ယောက်ကို ဆေးကုသခွင့် လိုင်စင် (ဆမ) လက်မှတ် တစ်နှစ်တိတိ ရုပ်သိမ်းပြီး ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ထား ပါတယ်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်မှုနဲ့ ကျန်းမာရေးဝန်ထမ်း ၅၈ ယောက် အသက် သေဆုံးခဲ့ရပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013