DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းသမ္မတကို အာဏာရှင်ဟု ခေါ်ဝေါ်ခဲ့သည့် ထရမ့်ပ်ကို ဥရောပခေါင်းဆောင်များ ဝေဖန်
DVB
·
February 20, 2025
ယူကရိန်းသမ္မတကို အာဏာရှင်ဟု ခေါ်ဝေါ်ခဲ့သည့် ထရမ့်ပ်ကို ဥရောပခေါင်းဆောင်များ ဝေဖန်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ရွေးကောက်ပွဲမရှိဘဲ ဆက်အုပ်ချုပ်နေတဲ့ “အာဏာရှင်”လို့ ခေါ်ဝေါ်ခဲ့သလို ရုရှားနဲ့ ငြိမ်းချမ်းရေးယူဖို့ မြန်မြန်မလုပ်ရင် အုပ်ချုပ်စရာနိုင်ငံ မရှိတော့ဘူးလို့ပါ သတိပေးခဲ့ပါတယ်။

“ဟာသ သရုပ်ဆောင် ဗိုလိုဒီမာ ဇလန်းစကီးက အမေရိကန်ကို ဒေါ်လာ ဘီလီယံ ၃၅၀ လောက် သုံးခိုင်းလိုက်တာ။ နိုင်မှာမဟုတ်တဲ့စစ်ပွဲ၊ စကို မစသင့်တဲ့စစ်ပွဲ” လို့ပါ ထရမ့်ပ်က သူပိုင်တဲ့ လူမှုကွန်ရက် Truth Social မှာ ရေးသားခဲ့ပါတယ်။

ဒီမှတ်ချက်အပေါ် ဥရောပခေါင်းဆောင်တွေက အပြင်းအထန် ပြန်လည်ဝေဖန်ခဲ့ကြပြီး ဇလန်းစကီးရဲ့ တရားဝင်မှုကို ထောက်ခံခဲ့ကြပါတယ်။

ဆော်ဒီအာရေဗျမှာ ယူကရိန်း မပါဝင်ဘဲ ရုရှားနဲ့ အမေရိကန် ကိုယ်စားလှယ်တွေ  ဆွေးနွေးခဲ့ကြအပြီးမှာ ထရမ့်ပ်က သူ့လူမှုကွန်ရက်မှာ အခုလို ရေးသားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဖလော်ရီဒါပြည်နယ်မှာ မိန့်ခွန်းပြောခဲ့ချိန်မှာလည်း ထရမ့်ပ်က ဇလန်းစကီးကို “အာဏာရှင်” လို့ ထပ်သုံးခဲ့ပါတယ်။

ဂျာမနီအဓိပတိ အိုလာ့ဖ် ရှို့လ်ဇ်ကတော့ သမ္မတ ဇလန်းစကီးရဲ့ ဒီမိုကရေစီနည်းကျ တရားဝင်မှုကို ငြင်းပယ်တာဟာ လုံးဝမှားယွင်းသလို အန္တရာယ်ကြီးတယ်လို့ မှတ်ချက်ချပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ ကလည်း ဇလန်းစကီးကို ဖုန်းခေါ်ပြီး ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

စတာမာက ဇလန်းစကီးကို ဒီမိုကရေစီနည်းကျ တင်မြှောက်ထားတဲ့ ခေါင်းဆောင်အဖြစ် ထောက်ခံကြောင်း ဖော်ပြခဲ့တယ်လို့ ဒေါင်းနင်းလမ်း ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်ပါတယ်။

ဒုတိယကမ္ဘာစစ်တုန်းက ဗြိတိန်နိုင်ငံက လုပ်ခဲ့သလိုပဲ ယူကရိန်းမှာ စစ်ကာလ ရွေးကောက်ပွဲ မကျင်းပနိုင်တာဟာ လုံးဝ ကျိုးကြောင်းဆီလျော်တဲ့ကိစ္စသာ ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

ဇလန်းစကီးရဲ့ သမ္မတသက်တမ်း ၅ နှစ်ဟာ ၂၀၄ မေလမှာ ကုန်ဆုံးတာဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၂ ဖေဖော်ဝါရီလ ရုရှားက ကျူးကျော်ခဲ့စဉ်ကတည်းက စစ်အုပ်ချုပ်ရေးနဲ့ ယူကရိန်းနိုင်ငံကို စီမံနေရတာ ဖြစ်သလို ရွေးကောက်ပွဲသစ်လည်း မကျင်းပနိုင်သေးပါဘူး။

ဆွီဒင်ဝန်ကြီးချုပ် အာ့ဖ် ခရစ္စတာဆန်ကလည်း ထရမ့်ပ်က “အာဏာရှင်ဆိုတဲ့ စကားလုံး” သုံးတာကို ဝေဖန်ခဲ့သလို ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာနီလာ ဘာဘော့ခ်ကလည်း ဒီမှတ်ချက်တွေဟာ ‘ကြောင်’လွန်းတယ်လို့ ဝေဖန်ပါတယ်။

အိမ်ဖြူတော်ကတော့ ထရမ့်ပ်က ဒီလိုပို့စ်တင်ဝေဖန်တာဟာ ထရမ့်ပ်က “သတင်းမှား” တွေ ယုံနေတယ်လို့ ဇလန်းစကီးဘက်က ဝေဖန်လို့ တုံ့ပြန်ပြောဆိုတာသာဖြစ်တယ်လို့ ပြောထားပါတယ်။

ထရမ့်ပ်နဲ့ ဇလန်းစကီး စငြိခဲ့တာဟာ ယူကရိန်းမြေရှားကိစ္စကလို့ ယူဆရပါတယ်။ အမေရိကန်က ယူကရိန်းရဲ့ မြေရှားသတ္တုနဲ့ သယံဇာတတွေ တူးဖော်ဖို့ ကမ်းလှမ်းခဲ့ပေမဲ့ လုံခြုံရေးအာမခံချက် ကျတော့ မပေးဘူးလို့ ဇလန်းစကီးက ပြောခဲ့ပါတယ်။

ရုရှားနဲ့ အမေရိကန် ကိုယ်စားလှယ်တွေ ဆော်ဒီမှာ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ထရမ့်ပ်က ဒီစစ်ပွဲဟာ စကတည်းက ဖြစ်စရာအကြောင်းမရှိတာ၊ ညှိနှိုင်းလို့ ရနိုင်ခဲ့တာလို့ မှတ်ချက်ချခဲ့ပါတယ်။

အဲဒါကြောင့် ဇလန်းစကီးက “ကျုပ်တို့ သတင်းမှားတွေ အများကြီး တွေ့နေရပါတယ်။ ရုရှားကလာတဲ့ဟာတွေပါ။ သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ခေါင်းဆောင်တယောက်အနေနဲ့ လေးစားပေမဲ့ သူဟာ သတင်းမှားရပ်ဝန်းအတွင်းမှာ ရောက်နေတာပါ” လို့ ပြောခဲ့ပါတယ်။

အဲဒီနောက်မှာ အမေရိကန်ဟာ နှစ်ပေါင်းများစွာ အထီးကျန်နေတဲ့ ပူတင်ကို ကူညီနေတာလို့ပါ ပြောခဲ့ပါသေးတယ်။

အဲဒီနောက်မှာတော့ ထရမ့်ပ်က ဇလန်းစကီးက ရွေးကောက်ပွဲမရှိဘဲ အုပ်ချုပ်နေတဲ့ အာဏာရှင်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ယူကရိန်းငြိမ်းချမ်းရေးဟာ ရေရှည်တည်တံ့ဖို့လိုပြီး ယူကရိန်းရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေမှာ ယူကရိန်းအစိုးရက ပါဝင်ဖို့ လိုအပ်တယ်လို့ ဆွီဒင်ဝန်ကြီးချုပ် အူးလ် ခရစ္စတယ်ရွှန်းက ယူကရိန်းအရေး ဖေဖော်ဝါရီ ၁၉ ရက်မှာ ဆွေးနွေးတဲ့ ဥရောပခေါင်းဆောင်တွေနဲ့ ဗီဒီယိုကွန်ဖရင့်အပြီးမှာ ပြောလိုက်ပါတယ်။

“ငြိမ်းချမ်းရေးဟာ အချိန်နဲ့အမျှ ရေရှည်တည်တံ့နေရမှာဖြစ်လို့ ယူကရိန်းဟာ ငြိမ်းချမ်းရေးအတွက် သတ်မှတ်ချက်တွေကို ပြဋ္ဌာန်းရာမှာ ပါဝင်ရမယ်။ ယူကရိန်းမပါရင် ယူကရိန်းနဲ့ ပတ်သက်တာ ဘာမှမဟုတ်သလို ဥရောပရဲ့ပါဝင်မှုမပါဘဲ ဥရောပတာဝန်ယူမှု ဘာမှမရှိဘူး” လို့ ဆွီဒင်ဝန်ကြီးချုပ်က ပြောပါတယ်။

နိုင်ငံတွေဟာ သူတို့ရဲ့ ကာကွယ်ရေးကို ပြင်းထန်တဲ့နှုန်းနဲ့ တည်ဆောက်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။

ယူကရိန်းနဲ့ ဥရောပလုံခြုံရေး ဆွေးနွေးဖို့ အခုသီတင်းပတ် အစောပိုင်းက မတက်ရောက်ခဲ့တဲ့ ဥရောပနိုင်ငံတွေနဲ့ NATO မဟာမိတ် ကနေဒါတို့နဲ့ ပြင်သစ်က ဒုတိယအကြိမ် အစည်းအဝေးကို တည်ခင်း ကျင်းပခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ရွေးကောက်ပွဲမလုပ်တဲ့ အာဏာရှင်တယောက်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဗုဒ္ဓဟူးနေ့မှာ ရှုတ်ချခဲ့ပါတယ်။

ငြိမ်းချမ်းရေးရဖို့ မြန်မြန်ဆန်ဆန်လုပ်ရင် ပိုကောင်းတယ်၊ မဟုတ်ရင် နိုင်ငံကျန်တော့မှာ မဟုတ်ဘူးလို့လည်း ထရမ့်ပ်က ပြောခဲ့ပါတယ်။

ဆွီဒင်ဝန်ကြီးချုပ်ကတော့ ထရမ့်ပ်ရဲ့ စကားတွေက “မှားယွင်းတဲ့ ဖော်ပြချက်” တွေလို့ ပြောဆို ခေါ်ဝေါ် ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013