DVB Logo
Home
မြန်မာသတင်း
ကချင်-တရုတ်နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်သော်လည်း တရုတ်ကုန်ပစ္စည်းများ မဝင်သေး
DVB
·
February 20, 2025
ကချင်-တရုတ်နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်သော်လည်း တရုတ်ကုန်ပစ္စည်းများ မဝင်သေး
Donate to DVB

ကချင်-တရုတ်နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ပြန်ဖွင့်လိုက်တာ ၂ လကျော် ရှိလာပေမဲ့ တရုတ်ဘက်ကတော့ ကုန်ပစ္စည်းတွေ ဝင်ရောက်တာ မရှိသေးဘူးလို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလကတည်းက KIA ထိန်းချုပ်လိုက်ပြီဖြစ်တဲ့ လွယ်ဂျယ်မြို့ဟာ ကချင်ပြည်နယ်ရဲ့ အဓိကကျတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပါတယ်။

လွယ်ဂျယ်နယ်စပ်ဂိတ် ပြန်ဖွင့်လိုက်တဲ့နောက် ကချင်ဘက်ကနေ တစ်ရှူးငှက်ပျော၊ ဖရဲသီးနဲ့ ကြံကားတွေ တရုတ်ဘက်ကို ဝင်ရောက်နေပေမဲ့ တရုတ်ဘက်ကတော့ ကုန်စည်ကားတွေ ဝင်တာမတွေ့ရဘူးလို့ လွယ်ဂျယ်ဒေသခံတယောက်က  ပြောပါတယ်။

“ဒီနယ်စပ်ဂိတ်က လွယ်ဂျယ်ဂိတ်ကနေတော့ တရုတ်ပြည်ဘက်ခြမ်းကနေ ကချင်ကိုဝင်တာ ဘာမှ မရှိသေးဘူး။ ကချင်မှာရှိတဲ့ ကုန်ပစ္စည်းတွေပဲ တရုတ်ပြည်ကို ဝင်တာရှိတယ်။ ဝင်တာဆိုတာကလည်း တခြားအများကြီးတော့ မဟုတ်ဘူး။ တရုတ်ကနေလာပြီး ရင်းနှီးမြှုပ်နှံထားတဲ့ ငှက်ပျောကားတွေရယ် ဖရဲကားတွေရယ်ပေါ့။ ငှက်ပျောနဲ့ ဖရဲကတော့ အခုရက်ပိုင်းနည်းနည်း နည်းသွားပြီ။ ခုတလောကတော့ တရုတ်ကနေ နယ်စပ်တလျှောက်မှာ လာစိုက်ထားတဲ့ ကြံကားတွေတော့ ဝင်နေတာရှိတယ်။”

နယ်စပ်ဂိတ်တွေမှာ ကချင်ဘက်က ကုန်ကားတွေ တရုတ်ဘက်ကို အဝင်ရှိပေမဲ့ နယ်စပ်ဂိတ်မှာ ကားသမားတွေ အပြောင်းအလဲလုပ်ပြီး တရုတ်ပြည်က ကားသမားတွေက ကချင်ဘက်ကုန်ကားတွေ ပြန်မောင်းသယ်ယူတဲ့ ပုံစံမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

လွယ်ဂျယ်ဒေသခံက “ကချင်ဘက်ကနေ တရုတ်ပြည်ထဲဝင်တဲ့ကားတွေဆိုရင်လည်း ၂၄ နာရီဂိတ် ဖွင့်ထားပြီးမှ ဝင်တာမဟုတ်ဘဲနဲ့ တရုတ်ဘက်က အချိန်သတ်မှတ်ထားတယ်။ သူတို့ သတ်မှတ်ထားတဲ့အချိန်ထဲမှာ ကားအစီးရေ ဘယ်လောက်ဆိုပြီးပဲ ကချင်ဘက်က ကားတွေ တရုတ်ပြည်ကို သွင်းတယ်။ ဝင်ခွင့်ပေးတယ်။ အဲဒီအချိန်မှာလည်း ကချင်ဘက်က ကုန်ကားတွေက နယ်စပ်ဂိတ်အထိပဲ မောင်းပို့ပြီး တရုတ်ပြည်ကလာတဲ့ တရုတ်နိုင်ငံသားတွေပဲ နယ်စပ်ဂိတ်ကနေ ကြံကားတွေကို မောင်းပြီးဝင်တာ။ တရုတ်ပြည်ထဲ ပစ္စည်းတွေချပြီးမှပဲ ကချင်ဘက်ကို ကားတွေ ပြန်ထုတ်ပေးတယ်။ ကားတွေကတော့ နေ့တိုင်း တရုတ်ပြည်ဘက်ကို ဝင်တာတော့ရှိတယ်။ တခြားတရုတ်ဘက်ကနေ ပစ္စည်းဝင်တာတော့မရှိဘူး”လို့ ပြောပါတယ်။

ကချင် - တရုတ် နယ်စပ်ဂိတ်‌တွေ လက်ရှိဖွင့်ထားတာဖြစ်ပေမဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ဝင်ထွက်ခွင့် မပြုသေးဘူးလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

တရုတ်ဘက်ကနေ ကချင်ဘက်မှာ လာစိုက်ပျိုးထားတဲ့ တစ်သျှူးငှက်ပျောနဲ့ ဖရဲ၊ ကြံခင်းတို့လို သီးနှံတွေကို တရုတ်ပြည်ကို ပြန်တင်တဲ့အခါမှာ တရုတ်ဘက်က ကားသမားတွေ လာသယ်တာတွေ ရှိတာကြောင့် ကချင်နယ်စပ်တကြောက ဒေသခံကားသမားတွေလည်း အလုပ်အကိုင် ရှားပါးလာတာတွေလည်း ကြုံနေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ဘာလို့ဆို တရုတ်တွေက တရုတ်ကနေ ဆီအပြည့်ဖြည့်ပြီး ကချင်ဘက်က အခင်းတွေကို လာသယ်တယ်။ တရုတ်ဘက်က ဆီးဈေးသက်သာတော့ တရုတ်ကားသမားတွေက နယ်စပ်က ကားသမားတွေ ၁၀၀ နဲ့ သယ်ရင် သူတို့က ၇၀ နဲ့ အောက်ကြေးနဲ့ ဈေးသက်သက်သာသာနဲ့ သယ်တာတွေ ရှိတယ်။ တရုတ်ဘက်က ကားတွေဝင်ခွင့်ပေးပြီးတော့ အခင်းတွေမှာ အဲဒီလို လာသယ်တော့ နယ်စပ်တကျောမှာရှိတဲ့ ကားပိုင်ရှင်တွေရော ကုန်မရတော့လို့ အလုပ်မရှိ ဖြစ်လာတာတွေ ရှိတယ်။ အရင်နှစ်တွေတုန်းက နယ်စပ်အထိ ကုန်ကားတင်ပို့တော့ ကားသမားတွေလည်း အဆင်ပြေကြတယ်။ ကုန်ရတော့ နည်းနည်းအလုပ်ဖြစ်တယ်။ ဒီနှစ်တွေမှာက တရုတ်တွေက ဒီနယ်စပ်တကြောမှာ ကြံခင်း၊ ငှက်ပျောခင်းတွေ ဖရဲခင်းတွေထိ ဆင်းပြီး လာသယ်ကြ‌တော့ နယ်စပ်မှာရှိတဲ့ ကားသမားတွေလည်း အလုပ်မရှိ ကုန်မရတဲ့ အခက်အခဲတွေလည်း ဖြစ်တယ်။”

KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့နယ်စပ်ဂိတ်မှာတော့ ကုန်စည်ကားတွေ ဝင်ရောက်တာ မတွေ့ရဘဲ မြန်မာနိုင်ငံဘက်ကို ဝင်ရောက်တဲ့ တရုတ်နိုင်ငံသားတွေရဲ့ အိမ်စီးကားတွေ တန်းစီနေတာမျိုးပဲ တွေ့ရတယ်လို့ သိရပါတယ်။

ပန်ဝါနယ်စပ်ဂိတ်ကတော့ ပြန်ဖွင့်နေပြီ ဖြစ်ပေမယ့် ကုန်တွေကတော့ ပို့တာ မတွေ့သေးသလို လူတွေ ပစ္စည်းပေါ့ပေါ့ပါးပါးလေးတွေနဲ့ ဖြတ်သန်းသွားလာနေကြတာတော့ တွေ့ရတယ်လို့ ဆိုပါတယ်။

ကံပိုင်တီနယ်စပ်ဂိတ်မှာတော့ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် သက်တမ်းမကုန်သေးတဲ့ မြန်မာနိုင်ငံသားတွေတော့ ဝင်ထွက်လို့ရသလို ငှက်ပျောကားတွေ သွားလာတာကလွဲပြီး တခြားကုန်စည်တွေ ဖြတ်သန်းသွားလာတာမျိုး မတွေ့ရဘူးလို့ သိရပါတယ်။

ကချင်-တရုတ်နယ်စပ်တကြောက နယ်စပ်ကုန်သွယ်ရေးဂိတ်တွေဖြစ်တဲ့ လိုင်ဇာ၊ လွယ်ဂျယ်၊ မန်ဝိန်းကြီး၊ ကန်ပိုက်တီနဲ့ ပန်ဝါ စတဲ့နယ်စပ်ကုန်သွယ်ရေးစခန်းတွေအားလုံးကို KIA က ထိန်းချုပ်ထားတာပါ။

နယ်စပ်တကြောရှိ စစ်ကောင်စီရဲ့တပ်စခန်းတွေကို ထိုးစစ်ဆင်နေတဲ့ KIA ကို တိုက်ပွဲတွေ ရပ်တန့်ပေးဖို့ ဖိအားပေးတဲ့အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်ကစပြီး တရုတ်နိုင်ငံဘက်က ကချင်နယ်စပ်ဂိတွေအားလုံးကို ရုတ်တရက် ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် KIA ဘက်ကလည်း တရုတ် ပိတ်လိုက်တဲ့ နယ်စပ်ဂိတ်တွေအားလုံးကို တန်ပြန်ပိတ်ဆို့ခဲ့တာပါ။

ဒီဇင်ဘာ  ၉ ရက်က  တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့အဖွဲ့က တရုတ်နိုင်ငံကို ထွက်ခွာပြီးနောက် ဒီဇင်ဘာ ၁၂ ရက်က ဆွေးနွေးခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ခဲ့ကြတာ ဖြစ်ပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013