DVB Logo
Home
မြန်မာသတင်း
စလင်းဒေသခံ ၁,၆၀၀ ခန့် စစ်ဘေးရှောင်
DVB
·
February 20, 2025
စလင်းဒေသခံ ၁,၆၀၀ ခန့် စစ်ဘေးရှောင်
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ၁၉ ရက်အထိ PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေလို့ ပြည်သူ ၁,၆၀၀ လောက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကပစ ၂၁ ကနေ ထွက်လာတဲ့ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီကျော်လောက်က ပြောင်းခင်းမြောက်ရွာနားမှာ PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ အဲဒီကျေးရွာက နေအိမ်တွေကို စစ်တပ်က မီးရှို့ပြီး ညအိပ်စခန်းချခဲ့ကြတယ်လို့ ကျွန်းချောင်းကျေးရွာ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

အဲဒီနောက် ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းမှာလည်း ပြောင်းခင်းမြောက်ရွာကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ကာ ကျွန်းချောင်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အချိန် PDF တပ်ဖွဲ့တွေနဲ့ ထပ်မံတိုက်ပွဲဖြစ်ပွားကာ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာလည်း လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ပြောင်းခင်းမြောက်ရွာ၊ ပြောင်းခင်းတောင်ရွာ၊ ကျွန်းချောင်း၊ ရွာသစ်၊ ညောင်ဇင်၊ ပုလောနဲ့ မြို့အိုကျေးရွာတွေက ဒေသခံပြည်သူ ၁,၆၀၀ လောက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ ပြောင်းခင်းမြောက်ရွာမှာတော့ အိမ်ခြေဘယ်လောက် မီးလောင်ကျွမ်းခဲ့တယ်ဆိုတာ စစ်ဘေးရှောင်နေကြရလို့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးတိမ်းရှောင်လာရလို့ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်တွေ အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်းမှာ အရပ်သားပြည်သူတွေရဲ့ နေအိမ်ပေါင်း ၁၀၉,၂၄၂ ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ တခုဖြစ်တဲ့ Data for Myanmar က ဖေဖော်ဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013