DVB Logo
Home
မြန်မာသတင်း
မြိုင်တွင် ကတ္တရာလမ်းဘေး မီးရှို့အသတ်ခံထားရသည့် အလောင်း ၃ လောင်းတွေ့
DVB
·
February 20, 2025
မြိုင်တွင် ကတ္တရာလမ်းဘေး မီးရှို့အသတ်ခံထားရသည့် အလောင်း ၃ လောင်းတွေ့
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျောက်ဆောက်ကျေးရွာကို ဖေဖော်ဝါရီ ၁၉ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့လို့ အသက် ၁၀၀ ကျော် အဘွားအိုတယောက် သေဆုံးခဲ့သလို လူနေအိမ် အလုံး ၅၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် ကျောက်ဆောက်ကျေးရွာ ဘုန်းကြီးကျောင်းအနီးက ကတ္တရာလမ်းဘေးမှာလည်း မီးရှို့ထားတဲ့ အမည်မသိအလောင်း ၃ လောင်း တွေ့ရပြီး စစ်ကြောင်းထိုးရာလမ်းတလျှောက်က ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို မီးရှို့ခဲ့တာလား၊ တိုက်ပွဲတွေကြောင့် သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေကို မီးရှို့ခဲ့တာလား ဆိုတာတော့ အတိအကျ မသိရသေးဘူးလို့ အမည်မဖော်လိုတဲ့ ကျောက်ဆောက်ရွာခံတယောက်က ပြောပါတယ်။ 

“စစ်တပ်စစ်ကြောင်းက မီးမရှို့ခင် အရင်နေ့ ညမှာ ကျနော်တို့ရွာကို ရောက်လာပါတယ်။ ရွာမှာ ညအိပ်ပြီး နောက်နေ့မနက် ပြန်ထွက်တော့ ရွာထဲကအိမ်တွေကို ဝင်မွှေပြီး သူတို့ပါတဲ့ကားတွေနဲ့ ပစ္စည်းတွေ စိတ်ကြိုက်သယ်ကြတယ်။ ပြီးတော့ အိမ်တွေကို မီးရှို့ခဲ့တာပါ။ မီးလောင်တဲ့အိမ်ခြေက ၅၀ လောက်ဆိုတော့ အိမ်ခြေ ၄ ပုံ ၃ ပုံလောက် မီးလောင်ပျက်စီးပါတယ်။ အသက် ၁၀၀ ကျော်ရှိတဲ့ အဘွားအို ဒေါ်သန်း ကတော့ မီးလောင်တဲ့အိမ်ထဲမှာ ပါသွားပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်ဗျ။ စစ်ကြောင်းထွက်သွားမှ ရွာသားတွေ ရွာထဲပြန်ဝင်ပြီး မီးငြှိမ်းရတာဆိုတော့ ညနေလောက်မှ မီးငြှိမ်းပြီးပါတယ်။ ဒါတောင် အကုန်မငြိမ်းနိုင်သေးပါဘူး။ သူတို့ စစ်ကြောင်းမရောက်ခင် အရင်နေ့ကလည်း ရွာကို MI 35 နဲ့ လာပစ်သွားသေးတယ်။ အဲဒီကတည်းက ရွာသားတချို့ ထွက်ပြေးကြတာ” လို့ ပြောပါတယ်။

ကျောက်ဆောက်ကျေးရွာက လူနေအိမ်တွေကို မီးရှို့ပြီး ဆက်လက်ထွက်ခွာသွားတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ညနေ ၃ နာရီခွဲဝန်းကျင်မှာတော့ ကျောက်ဆောက်ကျေးရွာအနီးက မကျီးစုကျေးရွာကို ထပ်မံဝင်ရောက်နေတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ပခုက္ကူမြို့ကနေ မြိုင်မြို့ဘက်ကိုအသွား ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကလည်း ကျောက်ဆောက်ကျေးရွာ၊ ရွာသစ်ကျေးရွာနဲ့ ပိုင်သင်ကျေးရွာတွေက လူနေအိမ်တွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြိုင်မြို့ကနေ ပြန်ထွက်လာတဲ့ အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ကျောက်ဆောက်ကျေးရွာ မရောက်ခင် ဖေဖော်ဝါရီ ၁၈ ရက်မှာ ၂ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

8+အညာမြေအင်အားစု ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုရှိုင်းက “အဲဒီစစ်ကြောင်းက ရိက္ခာတင်ကား ၃၀ လောက်ပါတယ်။ ရှေ့ပြေးအဖွဲ့လည်း ပါတယ်။ ကျောက်ဆောက်ကျေးရွာ မရောက်ခင် ထန်းငယ်တောရွာနဲ့ စဘေရွာကြားမှာ တကြိမ်၊ ညနေ ၂ နာရီလောက်မှာ တကြိမ် တိုက်ခိုက်ခဲ့တာမှာ ပထမတကြိမ်က ထိတွေ့ဖြစ်တယ်။ မိနစ် ၂၀ လောက် ကြာတယ်။ ၃ ကောင် သေတယ်။ ဒုတိယတကြိမ်က မိုင်းကွင်းထဲမှာ မိုင်းဆွဲလိုက်တာက ၈ ယောက်ဆိုတော့ သူတို့ဘက်က ၁၁ ယောက်လောက် သေတယ်။ ဒဏ်ရာရတဲ့ကောင်တွေလည်း များတယ်ဗျ။ မိုင်းမိတဲ့ကောင်တွေရဲ့ ခြေပြတ် လက်ပြတ် အသားစတွေ သစ်ပင်နဲ့ ချုံတွေပေါ် တင်ကျန်နေခဲ့တာ မနည်းဘူးပဲ” လို့ DVB ကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူအဖြစ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် တော်လှန်ရေးရဲဘော်တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မူကို 8+အညာမြေတပ်ပေါင်းစုတွေဖြစ်ကြတဲ့ M.V.P Revolution Force၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့-မြိုင်၊ UAV Fighter၊ မဟူရာအလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ Phonex People Defense Force၊ Scopion People Defense Force၊ ဌေးအောင်ပြောက်ကျားတပ်ဖွဲ့၊ ဇာမဏီဒရုန်းတပ်ဖွဲ့တို့နဲ့အတူ မြိုင်-ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013